ကျောက်ဖြူမြို့တွင် တိုက်ပွဲဖြစ်​တော့မည်လား

ကျောက်ဖြူမြို့တွင် ဘဏ်အများစု ဝန်ထမ်းများကို ​လျှော်​ကြေး​ပေး၍ နိုဝင်ဘာ ၁၄ ရက်မှစတင်ပိတ်သွားကြ

တရုတ်စီမံကိန်များရှိရာကျောက်ဖြူမြို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) စစ်ရေးအခြေအနေ စတင်တင်းမာနေပြီး KBZ အပါအဝင် ပုဂ္ဂလိကဘဏ်များအားလုံး ပိတ်သွားပြီဟု မြို့ခံအချို့ကပြောသည်။

“ဘဏ်တွေ ပြီးခဲ့တဲ့ သောကြာနေ့က စပိတ်တယ်။ ဝန်ထမ်း‌တွေကို သူတို့မှာတယ်။ ယာယီပိတ်တာပါဆိုပြီ။ အခုက ကျောက်ဖြူမှာ မြန်မာ့စီးပွား​ရေးဘဏ် တစ်ခုပဲရှိတော့တယ်” ဟု မြို့ခံစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ကျောက်ဖြူမြိူ့မြို့ KBZဘဏ်၊ CBဘဏ်၊ ရိုးမဘဏ်နှင့်ကမ္ဘာ့ရတနာဘဏ်များကိုနိုဝင်ဘာ ၁၅ ရက်မှစ၍ ပိတ်လိုက်ခြင်းဟု ကျောက်ဖြူ မြန်မာ့စီးပွား၏ဘဏ်နှင့် နီးစပ်သူတစ်ဦးကပြောသည်။

“ဝန်ထမ်းတွေကို နစ်နာကြေးသုံးလစာပေးတယ်လို့ သိရတယ်။ ကြိုအသိမပေးဘဲ လုပ်တာဖြစ်တယ်။ ဝန်ထမ်းတွေဘက်က complaint(ကန့်ကွက်) တက်တာရှိပေမယ့် ပြန်ဖြေရှင်းပေးတာမျိုးတော့မတွေ့ဘူး။ ရန်ကုန်ကဘဏ်တွေမှာ ဆက်လုပ်သူတချို့ ရှိတယ်လို့လည်းကြားတယ်” ဟု အဆိုပါပုဂ္ဂိုလ်က ပြောသည်။

ကျောက်ဖြူမြို့တွင် မြန်မာ-တရုတ်​ရေနံနှင့်သဘာဝဓါတ်​​ငွေ့ ပိုက်လိုင်း စီမံကိန်း အပြင်တရုတ်အစိုးရကရင်းနှီးမြှုပ်နှံထားသည့်ကျောက်ဖြူ​ရေနက်ဆိပ်ကမ်းနှင့်​ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းရှိ‌ နေသည်။ စီမံကိန်းသဘောတူစာချုပ်ကို သမ္မတဟောင်းဦးသိန်းစိန်လက်ထက်တွင် တရုတ်ဘက်က ၈၅ ရာခိုင်နှုန်း၊ မြန်မာဘက်က ၁၅ ရာခိုင်နှုန်းဖြင့် စာချုပ်ချုပ်ဆိုခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် တရုတ်ကုမ္ပဏီဘက်က ၇၀ ရာခိုင်နှုန်း၊ မြန်မာဘက်က ၃၀ ရာခိုင်နှုန်းဖြင့် ပြန်လည်ပြင်ဆင် ချုပ်ဆိုခဲ့သည်။ ထိုအပြင် တရုတ် အ​ကြွေး​ထောင်​ချောက်ကို ​ရှောင်ခြားနိုင်ရန် ရင်းနှီးမြှပ်နှံမှု တန်ဖိုးကိုလည်း ​​ ​ရွေး​ကောက်ခံအရပ်သားအစိုးရကလျှော့ချခဲသည်။

စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းပြီးနောက်​ဒေသအများစု၌တိုက်ပွဲများဖြစ်ပွားနေသော်လည်း အဆိုပါစီမံကိန်းကို စစ်ကောင်စီနှင့်တရုတ်ကဆက်လက်လုပ်ကိုင်ခဲ့သည်။ အာရက္ခတပ်တော်က ၁၀၂၇ စစ်ဆင်ရေးဖြင့် စစ်ကောင်စီစခန်းများကိုတိုက်ခိုက်နေစဉ် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆ တွင်ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် နောက်ဆက်တွဲစာချုပ်ကို တရုတ်နှင့် စစ်ကောင်စီ လက်မှတ် ရေးထိုးခဲ့သည်။

ကျောက်ဖြူမြို့ပေါ်တွင် လတ်တ‌ လော၌တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း မကြာမီတိုက်ပွဲဖြစ်ပွားလာနိုင်ကြောင်း သတင်းများထွက်ပေါ်နေသည်။ မကြာသေးမီက စစ်ကောင်စီနှင့်တရုတ် သဘောတူလက်မှတ်ရေထိုးခဲ့သည့် မြန်မာနိုင်ငံ၌ တရုတ်လုံခြုံရေးအဖွဲ့ဖွဲ့စည်းမည့်စာချုပ်အရ တရုတ်လုံခြုံရေးအဖွဲ့ဝင်သည် ကျောက်ဖြူမြို့၌ ခြေချလာနိုင်ကြောင်း သုံးသပ်ချက်များရှိနေသည်။

စစ်​ကောင်စီ ဝါဒဖြန့် တယ်လီဂရန်အချို့က ​ကျောက်ဖြူမြို့ရှိ တရုတ်စီမံကိန်းများမှ တရုတ်နိုင်ငံသားများကို တရုတ်အစိုးရက ပြန်ခိုင်း​နေပြီး စသ်တပ်က မကြာခင် ကြည်း​ရေ​လေ စစ်ဆင်​ရေးစတင်မည်ဟု​ရေးသားဝါဒဖြန့်​နေမှုများလည်းရှိသည်။

အခြေအနေများမရှုပ်ထွေးမီ AAအနေဖြင့်ကျောက်ဖြူကိုတိုက်ခိုက်သိမ်းပိုက်ရန် ရခိုင်အရေးကြမ်းကျင်သူအချို့က တိုက်တွန်းနေကြသည်။

၂၀၂၄ မတ်လ၁၀ရက်နေ့ကကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းရွာအနီး တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးသည်။ထိုအပြင် စစ်ကောင်စီသည် ကျောက်ဖြူမြို့နယ်အတွင်း ရေလမ်းကြောင်းများကို ဖြတ်သန်းသွားလာခြင်းမပြုရန်နှင့်ရေလုပ်ငန်းမလုပ်ကိုင်ရန် ဒေသန္တရအမိန့်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက်မှစ၍ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ကျောက်ဖြူမြို့အပါအဝင် စစ်ကောင်စီထိန်းချုပ်ရာနယ်မြေများ၌ ပိတ်မိနေသော ပြည်သူများ လွတ်မြောက်နယ်မြေသို့လာရောက်နေထိုင်ကြရန်နှင့်အဆုံးအဖြတ်တိုက်ပွဲကြီးအတွက် ပြင်ဆင်ထားကြရန် AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဧပြီလ ၁၀ ရက်နေ့က ကျရောက်သော AA ၁၅ နှစ်မြောက် တပ်တော်နေ့အခမ်းအနားတွင် ပြောကြားထားသည်။ ကျောက်ဖြူမြို့နယ် စနဲမြို့ကို AAက ထိန်းချုပ်ထားသည်။

AA က ယခုအခါ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်ကို သိမ်းပိုက်ထားပြီး ၄ မြို့နယ်ကို အပြီးသတ်သိမ်းပိုက်ရန်ထိုးစစ်ဆင်​နေသည်။ ထို​ကြောင့် AAထိုးစစ်မဆင်​သေး​သော မြို့နယ်မှာ ​ကျောက်ဖြူ ၊ စစ်တွေ နှင့် မာန်​အောင်မြို့နယ် တို့သာကျန်ရှိသည်။

(​ကျောက်ဖြူ မြို့အဝင်ဆိုင်းဘုတ် နှင့် ၂၀၂၁ ​မေလတွင် အမှိုက်​ကောက်ပြီး ခတ္တအနားယူ​နေသူများကို​တွေ့ရစဥ်။ဓါတ်ပုံ- CJ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *