မတ္တရာကို လေကြောင်း ရေကြောင်းဖြင့် စစ်ဆင်

မန္တလေးကို ခြိမ်းခြောက်နေသော မတ္တရာမြို့နယ်ရှိ တော်လှန်ရေးတပ်များ၏ စခန်းများနှင့် မတ္တရာအရှေ့ခြမ်းရှိ ဖယောင်း တောင် ရွှေတွင်းများ ပြန်ရရန် စစ်ကောင်စီက နိုဝင်ဘာ ၉ ရက်မှစကာ ဝေဟင်ပစ်ကူဖြင့် စစ်ကြောင်းထိုးနေသလို ဧရာဝတီမြစ်အတွင်းမှ စစ်သင်္ဘောများဖြင်လည်း တိုက်ခိုက်နေသည်။

မတ္တရာသည် မန္တလေးနှင့် ၂၅ မိုင်ခန့် ဝေးပြီး ပြီးခဲ့သည့် ဇူလိုင်လ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလက မန္တလေးနှင့် ၈ မိုင်ခန့်အကွာရှိ အမှတ် ၅ လျှပ်စစ် နှင့်စက်မှုအင်ဂျင်နီယာတပ်ရင်း နှင့် အမှတ် ၂ တပ်သားသစ်စုဆောင်းရေးတပ် (စသခ ၂) တို့ရှိရာ ထီးတော်မိုးရွာအထိ တိုက်ပွဲများ ပျံ့နှံ့လာသလို ယခုအခါ အလယ်ပိုင်းတိုင်း အခြေစိုက်ရာ မန္တလေး နန်းတွင်းကို ပါ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခြင်း ခံနေရသည်။

ယခု စစ်တပ်၏ မတ္တရာထိုးစစ်ကို ပြည်သူ့ ကာ ကွယ်ရေးတပ်မတော်- မန္တလေး (MDY- PDF)၊ မတ္တရာ၊ ပုသိမ်ကြီး၊ ပြင်ဦးလွင်မြို့နယ်များမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) များ၊ မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ (Generation Z Power-GZP) တို့ ပူးပေါင်း၍ ပြန်လည်တိုက်ခိုက်နေကြောင်း သိရသည်။

မတ္တရာမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “သူတို့အတွက် မတ္တရာကိုအပါခံလို့ မရဘူးလေ၊ မတ္တရာကို ကျနော် တို့အဖွဲ့တွေ ထိန်းနိုင်ခဲ့မယ်ဆိုရင် မန္တလေးကို လွယ်လွယ်ကူကူ ထိုးစစ်ဆင်တာမျိုးတွေ၊ မြို့ထဲကို လက်နက်ကြီးတွေနဲ့ ပစ်တာမျိုးတွေ ဖြစ်လာနိုင်တဲ့အပြင် မြို့ထဲကို လွယ်လွယ်ကူကူ ဝင်ရောက်နိုင်တယ်။ အဲဒီလိုမျိုးတွေကြောင့် မတ္တရာတမြို့ လုံးကို မန္တလေးမြို့ရဲ့ ခံစစ်စည်းအနေနဲ့ ပိတ်ကာချင်တဲ့ သဘောမျိုးတွေ တွေ့ရတယ်” ဟု ပြောသည်။

မန္တလေးမြို့သို့ စစ်မီးများ ကူးစက်မလာနိုင်စေရန်အတွက် မတ္တရာ၊ စစ်ကိုင်းတို့မှတဆင့် ညှပ်ပိတ်ကာ ခံစစ်စည်းလုပ်ဆောင် ခြင်းနှင့်အတူ မတ္တရာအရှေ့ခြမ်းမှ ဖယောင်းတောင် ရွှေလုပ်ကွက်များကိုပါ ပြန်လည်ရယူထိန်းချုပ်နိုင်ရေးအတွက် လုပ်ဆောင်ခြင်းမျိုးဟု တော်လှန်ရေးအဖွဲ့တချို့က သုံးသပ်ကြသည်။

“ကျနော့်အမြင်ကတော့ မတ္တရာအရှေ့ခြမ်း ဖယောင်းတောင် ရွှေလုပ်ကွက်တွေက မန္တလေး PDF လက်ထဲမှာဆိုတော့ သူတို့ ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာမျိုးရယ်၊ မန္တလေးမြို့ရဲ့ ခံစစ်စည်းအနေနဲ့လုပ်ချင်နေတာကြောင့် အင်အားအများအပြားနဲ့ နယ်မြေစိုးမိုးဖို့ ကြိုးစားလာတာမျိုးပဲ။ မတ္တရာမြို့နယ်တခုလုံးကို သူတို့ ထိန်းချုပ်ထားနိုင်မှ ခံစစ်စည်းအတွက် ခိုင်မာမှုရှိမှာ လေ” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။

ထိုသို့ တိုက်ပွဲများဖြစ်ပွားပြီးနောက် နိုဝင်ဘာ ၁၇ ရက် နံနက် ၃ နာရီခန့်မှ စတင်ကာ မတ္တရာမြို့ အနောက်ခြမ်း မြစ်ကမ်း ဘေးကျေးရွာများဖြစ်သော ဆောက်ခြုံပေါက်၊ ငယ်တိုး၊ သဖန်းဒေါင့် အပါအဝင် မြစ်ရိုးတလျှောက်၌ တိုက်ပွဲများ ပြင်းထန် ခဲ့ကြောင်း ဒေသတွင်းများဖော်ပြနေသည့် The Voice of Wetlet Madayar နှင့် Voice Of MDY အဖွဲ့များက ထုတ်ပြန်သည်။

စစ်ရေးလေ့လာသုံးသပ်သူ တဦးက “မတ္တရာကို စစ်ကြောင်းထိုးနေတာက စစ်တပ်က လှုပ်ရှားခံစစ်တို့ ကာကင်းတို့ စတဲ့သူတို့ အထိုင်တွေ ရှိထားတော့ PDF တွေ ထိုးလာမှာစိုးရိမ်လို့ စစ်ကြောင်းတွေ လွှတ်ပြီး ကာထားတာ။ သူတို့ကို လုပ်လို့ မရအောင် လှုပ်ရှားတာပေါ့။ မြစ်ကြောင်းနဲ့ နီးတာဆိုတော့ ရေတပ်သုံးတာပေါ့ဗျာ၊ တော်လှန်ရေးအဖွဲ့တွေ မတ္တရာကို ထိန်းချုပ်ထားနိုင်ရင်တော့ မန္တလေးနန်းတွင်းထိကို ကောင်းကောင်းခြိမ်းခြောက်နိုင်တာပေါ့ဗျာ” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲများသို့ ရဟတ်ယာဉ်များ တိုက်လေယာဉ်များဖြင့်ပါ ပစ်ကူ ၁၀ ကြိမ်အထက်ပေးခဲ့သလို မန္တလေး ရတနာပုံ သင်္ဘောကျင်းမှ တိုက်သင်္ဘော ၂ စီး အထက်သို့ ဆန်တက်လာကာ မတ္တရာ အနောက်ခြမ်းသုံးဆယ်ပေးရွာ အောက် ဘက် စစ်ကိုင်းဘက်အခြမ်း၊ မင်းကွန်းမြို့အနီး ဆိုက်ကပ်ပြီး မြစ်တဖက်ကမ်း မတ္တရာရွာများသို့ ပစ်ခတ်မှုခဲ့ကြသည်။

“အခုက မြစ်အနောက်ဘက် စစ်ကိုင်းဘက်ကနေပါ တော်လှန်ရေးအင်အားစုတွေ ကူးမလာနိုင်ဖို့ မတ္တရာအနောက်ခြမ်း မြစ် ကြောင်းတလျှောက်လုံး စီးမယ့်ပုံစံမျိုး ရှိတယ်၊ ဘာကြောင့်လဲဆိုတော့ တိုက်သင်္ဘောတွေပါ သုံးလာတာမို့ ရသမျှနည်း လမ်း နဲ့ မန္တလေးမြို့ကို ကာနေတာပဲလို့ မြင်ပါတယ်” ဟု မြေပြင်စစ်ရေး သတင်းရင်းမြစ်တဦးက ပြောသည်။

ထို့ပြင် မြွေကူတို့ဆိပ်၊ မြွေပုသိမ်၊ မြွေတဲအုပ်ရွာများသို့ နိုဝင်ဘာ ၁၆ ရက်က ဝင်ရောက်စီးနင်းခဲ့သည့် အင်အား ၁၀၀ ကျော် ပါ စစ်ကြောင်းလည်း မြေပြင်အင်အားဖြည့်ရောက်ရှိလာသလို မတ္တရာမြို့ ဘောလုံးကွင်းအထိုင်မှ အတွဲလိုက်ပစ် ၁၂၂ မမ ဟောင်ဝစ်ဇာများဖြင့် ပစ်ကူများပေးခဲ့ကြောင်း သိရသည်။

မတ္တရာဒေသခံတဦးက “တိုက်ပွဲစဖြစ်ကတည်းက မတ္တရာဘောလုံးကွင်းအထိုင်ကနေ လက်နက်ကြီးတွေနဲ့ တောက် လျှောက်မနားတမ်း ပစ်နေတာ။ အသံအချို့ဆိုရင် အဆက်မပြတ် ကြားနေရတာဆိုတော့ အတွဲလိုက် ပစ်လို့ရတဲ့ မစ်ဇိုင်း တွေနဲ့ပါ ပစ်နေတာမျိုးပဲ။ ဒီနေ့မနက်ဆိုရင် ထီးတော်မိုးတပ်ဘက်ကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတာ တွေရှိ တယ်။ ပြီးတော့ လေယာဉ်တွေလည်း တောက်လျှောက် ဝဲပြီးပစ်နေတာမျိုးတွေလည်း ရှိနေတယ်” ဟု ပြောသည်။

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်လည်း စစ်ကောင်စီတပ်အခြေပြုထားသည့် အောက်တောင်ကိုင်း၊ ငယ် တိုးရွာများအား အင်အား ၃၀၀ ခန့်ဖြင့် ဝင်တိုက်ခိုက်သဖြင့် လေကြောင်း၊ ရေကြောင်း ပစ်ကူရယူ၍ ရှင်းလင်းနိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ပြည်သူ့စစ် ၆ ဦးဒဏ်ရာရပြီး PDF ၂၀ ခန့် ကျဆုံးကြောင်း ရေးသားဖြန့်ဝေထားကြသည်။

မတ္တရာ PDF တပ်ဖွဲ့ဝင်တဦးက “လက်ရှိ သူတို့ စစ်ကြောင်းထိုးနေတာက မတ္တရာအနောက်ခြမ်းကို ဖိထိုးနေတာမျိုးပေါ့။ မတ္တရာအရှေ့ခြမ်းကို သူတို့ မတိုးနိုင်ဘူး၊ ထန်းပင်ကုန်းထိ တိုးလာနိုင်ပြီးမှ သိပ်မကြာဘူး MDY PDF လက်ထဲ ပြန်ပါသွား တာ။ ပြီးတော့ ကျောက်တံတားကနေ ပိတ်ခံထားရတာမျိုးရှိတော့ မန္တလေး- မတ္တရာလမ်းမကြီးအတိုင်း သူတို့ မလာရဲ ကြဘူး၊ အဲဒီလိုအခြေအနေမျိုးတွေကြောင့် မတ္တရာအနောက်ခြမ်းတကြောလုံးကို ကာတာမျိုးပါပဲ” ဟု ပြောသည်။

အဆိုပါ အခြေအနေများအား သိရှိရန် MDY-PDF သတင်းပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်ကို မေးမြန်းရာတွင် မတ္တရာ အနောက်ခြမ်း၌ တိုက်ပွဲဖြစ်နေပြီး MDY PDF တပ်ဖွဲ့ဝင်များလည်း ပါဝင်တိုက်နေသည်ဟုသာ အတည်ပြုပြောဆိုပြီး အသေး စိတ် ဖြေကြားခြင်း မရှိပေ။

ယနေ့တွင် မတ္တရာမြို့ ဘောလုံးကွင်းအထိုင်မှ အတွဲလိုက်ပစ် ၁၂၂ မမ ဟောင်ဝစ်ဇာများဖြင့် ပစ်ခတ်နေသလို ထီးတော်မိုး တပ်ကလည်း နံနက် ၇ နာရီခွဲကျော်မှ စတင်ကာ လက်နက်ကြီး အချက် ၄၀ ခန့်၊ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ခန့်ထိ ပြုလုပ်ထားကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရပြီး ပစ်ခတ်သံများအား မန္တလေးမြို့မြောက်ပြင်၊ အနောက်ခြမ်း ရပ်ကွက်များနှင့် လူစည်ကားရာ ကျောက်ဝိုင်း အနီးထိပင်ကြားရကြောင်း မန္တလေးမြို့ခံများက ဆိုသည်။

မတ္တရာအရှေ့ခြမ်း ကျောက်တံတား၊ မြကန်သာကျေးရွာများနှင့် ဖယောင်းတောင်၊ အယ်လ်ဖာခံစစ်မြောင်း ဘောင်တို့တွင် လည်း တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်သလို စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုရှိနေသဖြင့် စစ်ကြောင်းနှင့်ဝေးရာ နေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက အသိ ပေးထားကြသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *