တော်လှန်ရေးတပ်များ ပိတ်ဆို့ထားသည့် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ၏ တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက ၁၃)အနီးတွင် စစ်ကောင်စီတပ်ကပြန်လည်တိုက်ခိုက်လာသဖြင့် တိုက်ပွဲများဖြစ်နေကြောင်း သိရသည်။
ဩဂုတ် ၁၇ရက်တွင် သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်တပ်စခန်းကို TNLA နှင့် PLA ပူးပေါင်းတပ်များ က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကျန်ရှိနေသေးသည့် တတက ၁၃ တပ်၏ ဘက်နှစ်ဘက်အား ပိတ်ဆို့ထားခဲ့ခြင်းဖြစ်ပြီး ယခုရက်ပိုင်း၌ ယင်းတပ်ရှိ စစ်သားများက ပြန်လည်တိုက်ခိုက်လာခြင်းဖြစ်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ( PLA ) ထံက သိရသည်။
“တတက ၁၃က ဧရိယာအကျယ်ကြီးဆိုတော့ လေးဘက်လေးလံလုံး ပြည့်အောင် မဝိုင်းနိုင်ဘူး။ တွင်းငယ်ဘက်ခြမ်းက နှစ်ဘက်လောက်ပဲ သေချာဝိုင်းနိုင်တယ်။ ထိုးစစ်မဟုတ်ဘဲ ဝိုင်းရုံဝိုင်းထား တာ ဆိုတော့ သူတို့က အခွင့်ကောင်းယူပြီး ပြန်ထိုးဖို့ကြံနေတာနဲ့ တိုက်ပွဲတွေပြန်ဖြစ်တာပါ ” ဟု PLA ၏ အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ပြောသည်။
တတက ၁၃တပ်သည် မြစ်ကြီးနား – ဗန်းမော် – မန္တလေးကားလမ်းပိုင်းရှိ မိုးမိတ်မြို့သို့သွားသော လမ်းဆုံတွင် တည်ရှိပြီး စစ်တပ် အရာရှိများကို သင်တန်းပေးသည့် တန်းမြင့်သင်တန်းကျောင်းဖြစ်ကာ ရဟတ်ယာဉ်ကွင်းလည်း ရှိကြောင်း သိရသည်။
“လွတ်နေတဲ့တစ်ပေါက်က ကျောက်ကြီးဘက်ကိုထွက်တဲ့ဘက်။ သူတို့အတွက် ဂယ်ပေါက်ပေါ့။ နောက်တစ်ဘက်က မန္တလေးဆိုတော့ စစ်တပ်က ရဟတ်ယာဉ်နဲ့ ရိက္ခာတွေ လက်နက်ခဲယမ်းတွေလာချပေးတော့ မာနေနိုင်တာပေါ့ ” ဟု ၎င်းက ဆက်လက်ပြောသည်။
နိုဝင်ဘာ ၁၆ရက်၊ နံနက် သုံးနာရီတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အသက် ခြောက်နှစ်အရွယ်ကလေးငယ်နှင့် ၎င်း၏မိခင်တို့ သေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော်များလည်း တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
” ရန်သူဘက်က မကြာခဏ ရဲဘော်တွေရှိတဲ့နေရာတွေကို ပေါင် ၅၀၀ ဗုံးချတာ။ လက်နက်ကြီးအစုံနဲ့ ပစ်တာတွေရှိတယ်။ တစ်ကျော့ တစ်ကျော့နဲ့ ပြန်တိုက်နေတာ ” ဟု ၎င်းကပြောသည်။
တတက ၁၃တပ်သည် သပိတ်ကျင်းမြို့နှင့် ခုနှစ်မိုင်ခန့်အကွာတွင် တည်ရှိပြီး စစ်ကောင်စီတပ်အတွက် အရေးပါသည့်တပ်ဖြစ်ကာ မိုးကုတ်ဗျူဟာ၊ မိုးမိတ်နှင့် တွင်းငယ်တို့မှ ဆုတ်ခွာလာသော စစ်သားများလည်း ယင်းတပ်တွင် အင်အားပေါင်းထားကြောင်း သိရသည်။
Leave a Reply