မြန်မာနိုင်ငံ၏ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးကို သတင်း အတုအယောင်များက ဟန့်တားဖျက်ဆီးနေကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုသည်။
ယနေ့ ပြုလုပ်သည့် ၇၅ ကြိမ်မြောက် စိန်ရတု အမျိုးသားစာပေဆုပေးအပ်ပွဲတွင် ၎င်းက နိုင်ငံ တည်ငြိမ်အေးချမ်းမှု ပျက်ပြားနေရ ခြင်းမှာ သတင်းအတု အယောင်များကြောင့် ဖြစ်သည်ဟု တရားခံရှာ ပြောဆိုသွားခြင်းဖြစ်သည်။
“ကျနော်တို့နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးမှု အရှိန်အဟုန်ကို သတင်းအတုအယောင်တွေ အမုန်းစကားတွေ ကျင့်ဝတ်သိက္ခာမဲ့တဲ့ သတင်းအချက်အလက်တွေက ဟန့်တားဖျက်ဆီးလျက်ရှိနေပါတယ်။ တိုင်းရင်သားစည်းလုံးညီညွတ်မှုကိုလည်းပျက်စီးစေနိုင်ပါတယ်။ ကျနော်တို့အားလုံး မျှော်မှန်းထားတဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကိုလည်း အနှောင့်အယှက်ဖြစ်စေပါတယ်” ဟု အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုသည်။
အကြမ်းဖက်စစ်ခေါင်းဆောင်က နိုင်ငံတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားရခြင်းမှာ တိုင်းရင်းသားလက်နက်ကိုင်များ၏ အကြမ်းဖက်ကြောင့်ဟုလည်းကောင်း၊ သတင်းမီဒီယာများကြောင့်ဟုလည်းကောင်း၊ NLD ပါတီ၏ မဲသမာမှုကြောင့်ဟု လည်းကောင်း မကြာခဏဆိုသလို ပြစ်တင် ပြောဆိုမှုများ လုပ်ဆောင်လေ့ရှိပြီး ၎င်း၏ စစ်အာဏာသိမ်းမှုကိုမူ အခြေခံဥပဒေအရ လုပ်ဆောင်သည်ဟု ကာကွယ်ပြောဆိုလေ့ရှိသည်။
အခြားတစ်ဖက်တွင်လည်း မင်းအောင်လှိုင်က တပ်တွင်းနှင့် စစ်ကောင်စီအတွင်းမှ သတင်းအချက်အလက်များပေါက်ကြားနေမှုများကို တားဆီးနိုင်ရန် ယခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် လုံခြုံရေးဆိုင်ရာ လျှို့ဝှက်ချက် ပေါက်ကြားအောင် ပြုလုပ်သူများကို စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်ရန် အမိန့် ပေးခဲ့သည်။
ယခုနှစ် ဇူလိုင်လ ၅ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီ၏ အစည်းအဝေးတစ်ခုတွင် စစ်ခေါင်းဆောင် မင်း အောင်လှိုင်က လုံခြုံရေးနှင့်ပတ်သက်၍ အထူးဂရုပြု ဆောင်ရွက်စေလိုကြောင်း၊ မိမိတို့ဌာနအလိုက် လုံခြုံရေးဆိုင်ရာ အချက်အလက်များ မပေါက်ကြားစေရန် အလေးထားဆောင်ရွက်စေလိုကြောင်း၊ လုံခြုံရေးဆိုင်ရာ အချက် အလက်များ ပေါက်ကြားအောင် ပြုလုပ်သူများကိုလည်း ဖော်ထုတ်၍ အရေး ယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အမိန့်ပေး ပြောဆိုသွားခဲ့ဖူးသည်။
Leave a Reply