အာရက္ခတပ်တော်( AA) ၏ရခိုင်တောင်ဘက်ပိုင်းတွင်ဆင်နွှဲနေသည့်ထိုးစစ်အရှိန်မှာရခိုင်နှင့်ဆက်စပ်တည်ရှိနေသည့်တိုင်းဒေသကြီး၃ခုသို့အထိရိုက်ခတ်မှုရှိနေကြောင်းဒေသခံများကပြောဆိုသည်။
လက်ရှိတွင်အာရက္ခတပ်တော်( AA)သည်ဗမာပြည်မနှင့်အဓိကကူးလူးဆက်ဆံမှုအများဆုံးမြို့များဖြစ်ကြသည့်ရခိုင်မှတောင်ကုတ်၊ဂွနှင့်အမ်းမြို့ (၃) မြို့အားသိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေရာ ၎င်းမြို့များမှာကျလုနီးပါး အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဒေသအတွင်းမှစစ်ရေးသတင်းရင်းမြစ်များအရ သိရသည်။
CDM ဗိုလ်ကြီးဇင်ယော်က“အခုအေအေက အမ်း၊တောင်ကုတ်၊ဂွ ၃မြို့လုံးကို တစ်ပြိုင်နက်တည်းတိုက်ခိုက်နေတယ်။ ဒီနှစ်၂၀၂၄မကုန်မီမြို့တစ်မြို့ (သို့မဟုတ်) နှစ်မြို့မှာAA လက်ထဲသို့ကျရောက်သွားနိုင်ပါတယ်”ဟု သုံးသပ်ပြောဆိုထားသည်။
AA သည်၂၀၂၄ခုနှစ်၊နိုဝင်ဘာလ (၄) ရက်မှတောင်ကုတ်မြို့ကိုစတင်ထိုးစစ်ဆိုင်ရာ(၁၇) ရက်ကြာထိုးစစ်အပြီးတွင် တောင်ကုတ်ရှိစခန်း (၁၀) ခုအား သိမ်းပိုက်ရရှိခဲ့သည်။ နိုဝင်ဘာလ (၂၄) ရက်နေ့တွင် တောင်ကုတ်မြို့တစ်ခုလုံးအား သိမ်းပိုက်ထားပြီးဆက်လက်ပြီးစကခ (၅) နှင့်တပ်ရင်း၂ရင်းတို့အားဆက်လက်တိုက်ခိုက်နေကြောင်းနိုဝင်ဘာ၂၉ရက်တွင် သတင်းထုတ်ပြန်သည်။
တောင်ကုတ်မြို့သည် ရခိုင်ပြည်နယ်မှ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့်ဧရာ၀တီတိုင်းများသို့ ထွက်ပေါက်ဖြစ်ပြီးတိုင်း၃ တိုင်းနှင့် ဆက်သွယ်ထားသောမြို့ ဖြစ်သည်။
တောင်ကုတ်မြို့နှင့် ထိစပ်နေသည့် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ရှိ ပန်းတောင်းမြို့သည် တောင်ကုတ်မြို့နှင့်၃၉မိုင်သာ ကွာဝေးပြီးအဆိုပါပန်းတောင်းမြို့နယ်တွင်အမှတ် (၃) ကာကွယ်ရေးစက်ရုံ (ဆင်တဲစခန်း)၊အမှတ်(၆) ကာကွယ်ရေးပစ္စည်းစက်ရုံ( ညောင်ခြေထောက်) နှင့်အမှတ်(၉) ကာကွယ်ရေးစက်ရုံ (ကျောက်ဖူးကျေးရွာ) များတည်ရှိသည်။
စစ်ကောင်စီသည်တောင်ကုတ်မြို့ကိုAA သိမ်းပြီးပိုက်ပြီးပါက ပန်းတောင်းမြို့ကို ဆက်လက်တိုက်ခိုက်လာနိုင်သဖြင့် အဆိုပါစက်ရုံများတွင် လုံခြုံရေးအထူးတိုးမြှင့်ထားသည်ဟု ပန်းတောင်းဒေသခံများကပြောဆိုသည်။
စစ်ရေးလေ့လာစောင့်ကြည့်နေသူ ဒေသခံတစ်ဦးက“တောင်ကုတ်မြို့ကျတာနဲ့ အေအေရဲ့အရှိန်က ပန်းတောင်း၊မင်းတုန်း၊မင်းဘူး၊ငသိုင်းချောင်းတွေအထိသက်ရောက်နိုင်ပါတယ်။ ကျွန်တော်တို့ကတော့ အေအေကတောင်ကုတ်ပြီးရင် ပန်းတောင်း၊မင်းတုန်း၊မင်းဘူးလားဆိုပြီး သိချင်နေကြသလိုမျှော်လည်းမျှော်လင့်နေကြပါတယ်။ အဓိကဘုံရန်သူ စကစဖြုတ်ချဖို့ပဲလိုလားနေကြတာပါ။ ဒီတော့AA က ဧရာ၀တီမြစ်အနောက်ဖက်ကမ်းတွေအထိဆင်းမှာလား။ ဒီထက်ပိုပြီး ဧရာ၀တီမြစ်ကို ကူးအုံးမှာလားဆိုတာကိုလည်း ကျွန်တော်တို့ဒေသခံတွေ သိချင်နေကြပါပြီ”ဟု ပြောသည်။
AA နှင့်မဟာမိတ်တပ်ဖွဲ့များ ဝင်လာနိုင်သည်ဟု ကြိုတင်တွက်ချက်ထားသည့် စစ်ကောင်စီသည် ပန်းတောင်းမြို့နယ်တခုထဲတွင် တပ် ၁၃ခုခန့်ကို ဖြန်ကျက်ချထားပြီး ခုခံရန်ပြင်ဆင်ထားသည်ဟု ပြောသည်။
၎င်းပြင် ဧရာ၀တီမြစ်အနောက်ဘက်ကမ်းခြေတစ်လျှောက်ရှိ ကပစကဲ့သို့ လက်နက်ထုတ် စက်ရုံများ အပါအဝင် အဓိကလက်နက်ခဲယမ်းများ သိုလှောင်ဖြန့်ဖြူးပေးသည့် တပ်များတွင်လည်း လုံခြုံရေး တိုးမြှင့် ချထားကြောင်းပြည်မြို့ရှိ စစ်ရေးသတင်းအရင်းမြစ်တစ်ဦးမှ ပြောသည်။
ထို့အပြင်မကွေးတိုင်းဒေသကြီး သရက်ခရိုင်တွင်ပါဝင်သော မင်းတုန်းမြို့နယ်သည်လည်း ရခိုင်တောင်တန်းများနှင့် ၅မိုင်ခန့်သာ ကွာဝေးသဖြင့် အေအေနှင့် PDF များမကြာခင် ဝင်ရောက်လာရန် မျှော်လင့်ကြောင်း ဒေသခံတချို့မှပြောဆိုမှုများရှိသည်။
ရခိုင်ပြည်တောင်ကုတ်မြို့နယ်၊ မကွေးတိုင်းကံမမြို့နယ်၊ ဧရာဝတီတိုင်းကြံခင်းမြို့နယ်တို့သည် နယ်နိမိတ်ချင်းဆက်စပ်နေသောကြောင့် အေအေတပ်ဖွဲ့များ ဝင်ရောက်လာနိုင်သကဲ့သို့ ယခင်ကတည်းက စစ်ရေးလှုပ်ရှားမှုတစ်ချို့ရှိကြောင်း ဒေသအတွင်း စစ်ရေးလေ့လာသူတစ်ဦးက ထောက်ပြပြောဆိုသည်။
ပြည်မြို့ရှိစစ်ရေး သတင်းအရင်အမြစ်တစ်ဦးက “ပဲခူးတိုင်းပြည်မြို့နဲ့ တောင်ကုတ်က မိုင်၁၀၀ဘဲ ဝေးတော့တယ်။ရခိုင်ပြည်နယ်ကို ပြည်မကနေ ဝင်ထွက်နိုင်တဲ့လမ်းတွေ အကုန်ပိတ်ထားခဲ့ပေမဲ့ တောင်ကုတ်နဲ့ အမ်းကြားက ရခိုင်ရိုးမနဲ့ တဆက်တစပ်ထဲ ထိစပ်နေတဲ့ မကွေးတိုင်း၊ ပဲခူးတိုင်းထဲက ကျေးရွာလမ်းတွေ သစ်ခိုးလမ်းတွေတောလမ်းတွေကိုတော့ အခုတောင်ကုတ်ကိုတိုက်နေတဲ့ အခြေအနေမှာ စကစက မထိန်းချုပ်နိုင်တော့ဘူး။ အဲဒီနေရာတွေမှာလဲဒေသခံ PDF တွေနဲ့ AA တပ်တွေရဲ့ ဩဇာခံရွာတွေရှိနေပြီ။ AA ကအရင်ကထဲက မကွေးတိုင်းထဲ၊ပဲခူးတိုင်းထဲအထိ ဆဲလ်မြုပ်ပြီးနေရာယူထားပြီးသား ဖြစ်နေပါတယ်”ဟုပြောသည်။
ရခိုင်ပြည်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်တွင်လည်း တိုက်ပွဲပြင်းထန်စွာတိုက်ပွဲဖြစ်ပွားနေပြီး ၎င်းတိုက်ပွဲအရှိန်မှာ ဂွမြို့နယ်နှင့်ဆက်စပ်နေသည့် ငသိုင်းချောင်း၊ ကျုံပျော်၊ လေးမျက်နှာမြို့နယ်အထိ ရိုက်ခတ်နေသည်ဟုဒေသခံတစ်ဦးကပြောဆိုသည်။
စစ်ဘေးရှောင်တစ်ဦးက“ငသိုင်းချောင်းမှာလည်းစစ်ရေးပြင်ဆင်မှုတွေရှိနေပါတယ်။လမ်းတစ်လျှောက်မှာစစ်ကားတွေအများကြီးတွေ့တယ်။ စစ်သားတွေလည်းတော်တော်များများတွေ့တယ်။ အမြောက်တွေနဲ့ ကားတွေတွေ့ရတယ်။ ငသိုင်းချောင်းကုန်းမြေမှာတော့ လပိုင်းလောက်က လက်နယ်တွေ မိထားတာတွေရှိတယ်လို့ကြားတယ်။ ငသိုင်းချောင်းမှာPDF တွေလည်းရှိနေတယ်လို့သတင်းတွေထွက်နေပါတယ်”ဟုပြောသည်။
ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ရှိ အိုင်မရွာ၊ မိုးကြိုးပစ်ရွာနှင့် အရှေ့စုရွာများတွင် ကင်းတဲများ ဆောက်လုပ်ခိုင်းပြီး ညကင်းစောင့်ခိုင်းနေသည်ဟုလည်း ဒေသခံပြည်သူများက ပြောသည်။
ရေကြည်မြို့နယ်အတွင်းရှိ ရခိုင်ရိုးခြေရင်းတွင်ရှိသော ကြက်ပေါင်သစ်တောကြိုးဝိုင်း၊ ဘိုးတော်သစ်တောကြိုးဝိုင်းနှင့်စက်စာရံတောတို့တွင် စစ်ကောင်စီစစ်ကြောင်းများ နိုဝင်ဘာလအတွင်း ဝင်ရောက်တပ်စွဲထားသလိုဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်ရှိ ရခိုင်ရိုးမနှင့်အစပ်နေရာဖြစ်သော ကွင်းချောင်းသစ်တောကြိုးဝိုင်းတွင်လည်းစစ်ကောင်တပ်စွဲထားကြောင်း ရေကြည်မြို့ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောဆိုသည်။
၎င်းပြင်အမ်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီးတပ်ရင်း၊ တပ်ဖွဲ့ ၁၀ကျော်အား AA ကသိမ်းပိုက်ထားကာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အား ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသိရသည်။
များမကြာမီကလည်းမင်းဘူးရွှေစက်တော်ဘုရားအနီးတွင် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ PDFနှင့် စစ်ကောင်စီတို့အကြားတိုက်ပွဲဖြစ်ပွားခဲ့သလိုအမ်း- မင်းဘူးရိုးလမ်းပေါ်ရှိ ငဖဲမြို့နယ်အတွင်းတွင်လည်း ချင်းကာကွယ်ရေးတပ်-အရှို ( CDF-Asho )နှင့် စစ်ကောင်စီတို့ အကြားတိုက်ပွဲများ မကြာခဏဖြစ်နေသည်ဟု သိရသည်။
ယခုလနိုဝင်ဘာ (၂၃) ရက်နေ့တွင်အနောက်ပိုင်းစစ်ဌာနချုပ် (အမ်း) ကွပ်ကဲမှုလက်အောက်ရှိတစ်မိုင်ကုန်းစခန်းမှဆုတ်ခွာလာသော ဗိုလ်မှူးဇော်ထက်နောင် (ကြည်း၅၆၁၇၈) ဦးစီးသောစစ်ကောင်စီစစ်ကြောင်းကိုကျောင်းသားလက်ရုံးတပ်တော်နှင့် မဟာမိတ်ပူးပေါင်းစစ်ကြောင်းမှအမ်း-ပဒါန်းလမ်း တစ်နေရာတွင်စောင့်ကြို၍ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်သား (၂ ) ဦးကျဆုံးပြီး ဗိုလ်မှူးဇော်ထက်နောင် အပါအဝင် သုံ့ပန်း (၁၄)ဦး၊ လက်နက်ငယ် (၂)လက်နှင့် ခဲယမ်းတို့အား တိုက်ပွဲတွင်းသိမ်းဆည်းရမိခဲ့သည်ဟု ကျောင်းသားလက်ရုံးတပ်တော်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ငဖဲ ဒေသခံတစ်ဦးက“ အမ်းတိုက်ပွဲကငဖဲမြို့နယ်အတွင်းမှာရောမင်းဘူးမြို့နယ်အတွင်းမှာရောရိုက်ခတ်မှုရှိပါတယ်။အခုဆိုရင်PDF လှုပ်ရှားမှုကလည်းအရင်ကထက်စာရင်ပိုများလာတယ်။စစ်တပ်ကလှုပ်ရှားမှုက တစ်ဖြည်းဖြည်း ကျုံ့ကျုံ့လာတယ်။ စစ်ကူစစ်ကြောင်းတွေလည်း ခဏခဏတိုက်ခံနေရတော့ သိပ်မလှုပ်ရှားရဲတော့ဘူး။ အမ်းကျသွားရင်တော့မင်းဘူးကို အေအေနဲ့မဟာမိတ် PDFတွေ ကိုင်လှုပ်လာနိုင်တဲ့အနေအထားရှိနေပါတယ်” ဟုပြောသည်။
လက်ရှိအမ်း၊တောင်ကုတ်နှင့်ဂွမြို့နယ်တိုက်ပွဲများတွင် ကျောင်းသားလက်ရုံးတပ်နှင့် မဟာမိတ်PDF များဝင်ရောက်တိုက်ခိုက်ကာ လက်တွေ့စစ်ရေး အတွေ့အကြုံများ ယူနေပြီး များမကြာမီ ပြည်မတိုက်ပွဲများတွင် အသုံးချလာနိုင်သည်ဟု စစ်ရေးသတင်းလေ့လာသုံးသပ်သူများကပြောသည်။
လက်ရှိအာရက္ခတပ်တော် (AA)သည် တစ်နှစ်တာကာလအတွင်း ရခိုင်ပြည်နယ် ၁၇မြို့နယ် အထဲမှ ၁၀မြို့နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ကို သိမ်းပိုက်ထားပြီး လက်ရှိမောင်တော၊ အမ်း၊ တောင်ကုတ်နှင့်ဂွတို့ကို အပြီးသတ်သိမ်းပိုက်ရန် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
နောက်ထပ်မြို့ (၄) မြို့ကိုတိုက်ခိုက်သိမ်းပိုက်ပြီးပါက အေအေ၏ ထိုးစစ်မှာ ရခိုင်ပြည် ပြင်ဘက်ဒေသအထိရောက်ရှိလာနိုင်သည်ဟု သုံးသပ်ပြောဆိုမှုများလည်း ရှိနေသည်။
Leave a Reply