ယင်းမာပင်မြို့ပေါ် ရဲစခန်းနှင့် ကြေးနီ ယာဉ်တန်းကို ဒရုန်း၊ မိုင်းများဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ် ရဲစခန်းနှင့် ကြေးနီ ယာဉ်တန်းကို ဒရုန်း၊ မိုင်းများဖြင့် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း Ar Lar Wa Ka LPDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ယင်းမာပင်မြို့ပေါ် ရဲစခန်းကို Ar Lar Wa Ka LPDF နှင့် မဟာမိတ် တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ယင်းမာပင်မြို့ပေါ်ရှိ မြောက်ယမားချောင်းအနီးတွင် ကြေးနီကား ယာဥ်တန်းကို Ar Lar Wa Ka LPDF တပ်ဖွဲ့က ရှေ့ထွက်များဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ကြေးနီသယ် ကား ၁ စီး ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“ယင်းမာပင်မြို့ပေါ် ရဲစခန်းကို ဒရုန်းနဲ့ တိုက်ခိုက်တာက စစ်ခွေးတွေ ထိခိုက်မှုရှိနိုင်တယ်။ သေဆုံးမှုအရေအတွက်တော့ အတည်ပြုနိုင်ခြင်းမရှိသေးဘူး။ ကြေးနီယာဉ်တန်းကတော့ လမ်းသွားလမ်းလာ ပြည်သူတွေကို ရှောင်ရှားပြီးတော့ မိုင်းခွဲ တိုက်ခိုက်ခဲ့တာဆိုတော့ စိတ်တိုင်းကျတော့မဖြစ်ခဲ့ဘူး။ ခရီးသွားပြည်သူတွေ မရှိတဲ့ အချိန် နောက်ဆုံးကားကိုပဲ တိုက်ခိုက်နိုင်ခဲ့တယ်။ ထိခိုက်မှုရှိမရှိတော့ အတည်မပြုနိုင်ဘူး။ စစ်ခွေး ယာဉ်တန်းမဟုတ်တဲ့အတွက် ကားပျက်စီးတာလောက်ပဲဖြစ်နိုင်တယ်။ ခွေးကင်းပုန်းတွေကလည်း ရှိနေတော့ သေချာအတည်ပြုနိုင်ဖို့ ခက်ခဲခဲ့တယ်” ဟု Ar Lar Wa Ka LPDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Ar Lar Wa Ka LPDF နှင့် မဲမှောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း၊ ဒေသပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးမှုများ လုပ်ဆောင်လာလျှင် နယ်မြေအခြေအနေကို စုံစမ်းသွားလာကြရန် Ar Lar Wa Ka LPDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

Photo – အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရန် ရှေ့ထွက်မိုင်းများ တပ်ဆင်နေသည့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ


Comments

Leave a Reply

Your email address will not be published. Required fields are marked *