ထီးလင်းမြို့ကို စစ်တပ်က ဗိုလ်ကြီး ၄ ဦးဖြင့် အုပ်ချုပ်ရေး ယန္တရား လည်ပတ်နေပြီး တိုက်ပွဲတွင် ၁ ဦးသေဆုံးသွား၍ အစားထိုး ခန့်အပ်ရန် လုပ်ဆောင်နေ
စစ်သား အင်အား ၁၀၀ ခန့်သာ ကျန်ရှိတော့၍ မြို့ပေါ်ကိုသာ စိုးမိုးနိုင်တော့
မကွေးတိုင်း၊ ထီးလင်းမြို့ကို အကြမ်းဖက် စစ်တပ်က ဗိုလ်ကြီး ၄ ဦးဖြင့် အုပ်ချုပ်ရေး ယန္တရား လည်ပတ်နေပြီး တိုက်ပွဲတွင် ၁ ဦးသေဆုံးသွား၍ အစားထိုး ခန့်အပ်ရန် လုပ်ဆောင်နေပြီး စစ်သား အင်အား ၁၀၀ ခန့်သာ ကျန်ရှိတော့၍ မြို့ပေါ်ကိုသာ စိုးမိုးနိုင်တော့ကြောင်း ယောအလင်းတန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
နိုဝင်ဘာလ ၂၈ ရက်နေ့ သခန်းကြီးတိုက်ပွဲတွင် ဗိုလ်ကြီး ၄ ဦးထဲမှ ၁ ဦးဖြစ်သည့် ဗိုလ်ကြီး အောင်စိုးဦး သေဆုံးခဲ့ပြီး လက်ရှိချိန်တွင် ဗိုလ်ကြီးကောင်းကောင်း ၊ ဗိုလ်ကြီး ရဲရင့်အောင် နှင့် ချင်းပြည်နယ် မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းမှ ပြောင်းရွေ့လာသည့် ဗိုလ်ကြီး မိုးသောက် တို့ ၃ ဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။
ထို့ပြင် နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း ခြေတောက်တွင် ကျည်မှန်ထားသော ဒဏ်ရာကို ဆေးကုသရန် အတွက် ဗိုလ်ကြီး ကောင်းကောင်းကို မုံရွာမြို့ နမခ မှ စစ်ရဟတ်ယာဉ်ဖြင့် လာရောက်ခေါ်ဆောင်သွားပြီး ၎င်းနေရာကို အစားထိုးရန် ကလော အခြေစိုက် ခမရ ၅၅ တပ်ရင်းမှ ဗိုလ်ကြီး ရဲမာန် ရောက်နေကြောင်း၊ တိုက်ပွဲအတွင်းသေဆုံးသွားသော ဗိုလ်ကြီး အောင်စိုးဦး နေရာတွင် လက်ရှိချိန်ထိ အစားထိုးခန့်အပ်ရန် ရောက်ရှိလာခြင်းမရှိသေးကြောင်း သိရှိရသည်။
“၂၀၂၂ ခုနှစ် ၇လပိုင်းလောက်တည်းက ဗိုလ်ကြီး ၄ ဦးတည်းနဲ့ အုပ်ချုပ်နေတာ မြို့ပေါ် အုပ်ချုပ်ရေး ယန္တရားတွေလည်း မရှိတော့ဘူးဆိုတော့ အကြီးပိုင်းတွေမထားဘဲ လျော့ပေါ့ထားတယ်ထင်တယ်။ လစာ မရတာလည်း ၄ လ လောက်ရှိပြီလို့ကြားတယ်။ မြို့ပေါ် အုပ်ချုပ်ရေး ယန္တရားကတော့ စစ်သားနဲ့ ရဲပဲရှိတော့တာကို ကျန်တဲ့ အုပ်ချုပ်ရေး လုပ်ငန်းဆိုင်ရာတွေကတော့ ရပ်ထားတာကြာပြီလေ” ဟု ယောအလင်းတန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ထီးလင်းမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီး ၄ ဦးအပါဝင် စစ်သား ၁၃၇ ဦးသာရှိပြီး နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဖြစ်ပွားသော တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့၍ စစ်တပ်က ထီးလင်းမြို့ပေါ်ကို အင်အားဖြည့်တင်းရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့က မြို့ပေါ်လောက်ပဲ အုပ်ချုပ်နိုင်တာလေ အဓိကက သူတို့ စစ်ကြောင်း ထိုးတာတောင်မှ ခပ်ဝေးဝေးကို မထိုးနိုင်တော့ဘူးပေါ့။ ရိက္ခာရှာတဲ့ သဘော အဲလောက်ပဲ သွားနိုင်တော့တယ်။ နယ်မြေတွေက ကာကွယ်ရေး တပ်ဖွဲ့တွေ အကုန်လုံး စိုးမိုးထားတာကို အခုစစ်တပ်က စစ်ကြောင်းထိုးရင်တောင်မှ မြို့ကို လုံခြုံရေး ချန်ထားရတာနဲ့ဆိုတော့ ပျူစောထီးတွေ ရဲတွေ ခေါ်ပြီး ထွက်ရတာ သူတို့ စစ်တပ်က သူတွေပဲ ထွက်လို့ မလောက်တော့ဘူး။ ပြီးခဲ့တဲ့ ၂၈ ရက်နေ့ပွဲမှာတောင်မှ ပျူစောထီးတွေ သေဆုံးတဲ့ထဲ ပါတယ်။ နောက်ပြီး ရဲ ၁ ယောက်လည်း သေတဲ့ထဲပါတယ်။ အုပ်ချုပ်ရေးပိုင်းက စစ်သားက အတိအကျပြောရရင် အရင်ကတော့ နိုဝင်ဘာလ ၂၈ ရက်နေ့ မတိုင်ခင်က ၁၃၇ ဦး အတိအကျရှိတယ်။ အဲတာ စစ်သားတွေ ရဲ မပါဘူး။ ပျူစောထီး မပါဘူး။ အဲ ၁၃၇ ဦးကို ဗိုလ်ကြီး ၄ ဦးက အုပ်ချုပ်ပြီးတော့မှ သူတို့က စစ်ကြောင်းထိုးဖို့ အဓိကပေါ့။ ကျန်တဲ့ ယန္တရားကတော့ လည်ပတ်မှု မရှိပါဘူး။ ဗိုလ်ကြီးအောင်စိုးဦးက ၂၈ ရက်နေ့ကသေသွားတာဆိုတော့ အဲအတွက် ပြန်ပြီးတော့မှ အစားထိုးဖို့နဲ့ အားလုံးပေါင်း သေဆုံး အရေအတွက်ကလည်း ၂၀ ကျော်လောက်ရှိနေပြီ ဒဏ်ရာရ အရေအတွက်ကလည်း ၁၀ ကျော်လောက်ရှိတယ်။ အဲဒီတော့ အင်အားက လျော့နည်းနေတော့ ဒီတစ်ပတ်လောက်မှာ အင်အားဖြည့်မယ်လို့တော့ ကြားသိရတယ်” ဟု ယောအလင်းတန်းမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။
Leave a Reply