ရန်ကုန်တိုင်းကို ရောက်ရှိနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နိုဝင်ဘာလ ၃၀ ရက်နေ့က ရန်ကုန်မှာ ပြုလုပ်တဲ့ အစည်းအဝေးတစ်ခု အပြီးမှာ မူးလဲသွားခဲ့တာကြောင့် ခေတ္တခဏ အနားယူခဲ့ရပြီး ဆေးကုသခဲ့ရတယ်လို့ ခိုင်မာတဲ့အရင်းအမြစ်ထံက သိရပါတယ်။
မင်းအောင်လှိုင်ဟာ ဖိအားများနေပြီး အိပ်မပျော်တာကြောင့် ယခင်ကတည်းက အိပ်ဆေးသောက်ပြီး အိပ်နေရတယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်ထံက သိရပါတယ်။
မင်းအောင်လှိုင်ဟာ အသက်အားဖြင့် ၆၈ နှစ်အရွယ် ရောက်ရှိနေပြီ ဖြစ်တာကြောင့် ခန္ဓာကိုယ်ကျန်းမာရေးဟာ တစ်နေ့တစ်ခြား ယုတ်လျော့လာတာဖြစ်သလို တနိုင်ငံလုံးမှာလည်း စစ်ရေးရှုုံးနိမ့်နေတာကြောင့် ဖိအားတွေ များနေတဲ့အပြင် ICC မှာလည်း ဖမ်းဝရမ်း ထုတ်ဖို့ လျှောက်ထားခံရတဲ့အတွက် ဖိအားတွေ ပိုမိုတိုးလာရတာကြောင့် မူးလဲတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ICC ရှေ့နေချုပ် Karim A.A. Khan KC က မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားမှုဟာ မကြာခင်မှာ ICC က လက်ခံနိုင်ဖွယ် ရှိပါတယ်။ အင်အားကြီးနိုင်ငံတွေက ခေါင်းဆောင်တွေကို ICC က ဖမ်းဝရမ်းထုတ်တာဟာ ဂရုစိုက်စရာ မလိုပေမယ့် မြန်မာနိုင်ငံလို နိုင်ငံငယ် တစ်ခုအနေနဲ့တော့ ICC ဖမ်းဝရမ်းထုတ်မှုဟာ မင်းအောင်လှိုင်အတွက်တော့ အလွန်ရိုက်ခတ်နိုင်ပါတယ်။
ICC က ဖမ်းဝရမ်းထုတ်မှုဟာ မင်းအောင်လှိုင်ရဲ့ အတုအယောင်ရွေးကောက်ပွဲအလွန် သမ္မတဖြစ်ဖို့ အခွင့်အရေးအတွက် အဟန့်အတားလည်း ဖြစ်လာနိုင်သလို နိုင်ငံတကာထက် အာဆီယံက နိုင်ငံခေါင်းဆောင်တွေအနေနဲ့လည်း ICC က ဖမ်းဝရမ်းထုတ်ထားတဲ့ မင်းအောင်လှိုင်ကို နိုင်ငံတော်အဆင့် တွေ့ဆုံလက်ဆွဲနှုတ်ဆက်ဖို့ ဆိုတာ မဖြစ်နိုင်တော့ပါဘူး။
လူငယ်အများစုဟာ စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးတိမ်းရှောင်နေရလို့ ပညာသင်ကြားမှု အပြည့်အဝ မရှိတော့တဲ့ တက္ကသိုလ်ပညာရေး တခုဖြစ်တဲ့ လှိုင်တက္ကသိုလ်နယ်မြေနဲ့ နယ်မြေအပြည့်အဝ မစိုးမိုးနိုင်တော့လို့ နိုင်ငံတဝန်းက ရထားလမ်း ကွန်ရက်အများစု ရပ်တန့်နေချိန် ရန်ကုန်မြို့ပတ် ရထားစီမံကိန်း တို့ကို ခရီးစဉ်အတွင်းမှာ ဝါဒဖြန့်ဖို့အတွက် သွားရောက်ခဲ့ပါသေးတယ်။
စစ်ခေါင်းဆောင်ဟာ ရန်ကုန်ကို အစိုးရကိစ္စထက် ရန်ကုန်မှာရှိတဲ့ မိသားစု စီးပွားရေးကိစ္စတွေအတွက် အလာများပြီး အစိုးရကိစ္စက ဟန်ပြသက်သက်သာဖြစ်ကြောင်းနဲ့ ဇွန်လတုန်းက သံလျင် တံတားအမှတ် ၃ ဖွင့်ပွဲမှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်လုပ်ကြံဖို့ ကြံစည်ခံရတာကြောင့် ခရီးစဉ်အတွင်း လုံခြုံရေး တိုးမြှင့်ချထားတယ်လို့ သိရပါတယ်။
Leave a Reply