Select Page

ဟားခါးရှိ စစ်တပ်စခန်း ၄ ခုကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီဘက်မှ ၂၀ ဦးနီးပါးသေဆုံးကာ လက်နက် ၅၇ လက်၊ ဒရုန်းနှင့် ခဲယမ်းများ ရရှိ၊ ဟားခါးတိုက်ပွဲများတွင် စစ်တပ်ဘက်မှ တပ်ရင်းမှူး ၃ ဦးသေဆုံး

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဟားခါးနှင့် ထန်တလန် အကြား သီမြစ်ချောင်းအနီးမှ စစ်ကောင်စီတပ်စခန်းများ၊ ဟားခါးမြို့ကာကင်းစခန်းများ စုစုပေါင်း စစ်ကောင်စီတပ်စခန်း ၄ ခုကို ချင်းပြည်အစိုးရ ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း CNA သတင်းရင်းမြစ်က ပြောဆိုသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ ဟားခါး နှင့် ထန်တလန်အကြားရှိ သီမြစ်စခန်း၊ Umpu Puaknak စခန်း၊ Nawn Thlawk Bo စခန်း နှင့် Kiamtlang/Ruavazung စခန်းများကို ချင်းပြည်အစိုးရ ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ အဆိုပါ စခန်းသိမ်းတိုက်ပွဲများ တွင် စစ်တပ်ဘက်မှ လက်နက်ကြီးများ၊ လက်နက်ငယ်များ အပါအဝင် သေနတ် ၅၇ လက်၊ ခဲယမ်းများ၊ ဒရုန်းများကို တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံးပြီး စစ်သုံ့ပန်း ၁၉ ဦးဖမ်းဆီးရရှိကြောင်း CNA သတင်းရင်းမြစ်က ပြောဆိုသည်။

” ဟားခါး Ruavazung စခန်းကနေ စစ်သုံ့ပန်း ၁၉ ဦးမိတာပါ။ သီမြစ်စစ်တပ် စခန်းသိမ်းတိုက်ပွဲမှာ သေနတ်တွေ၊ RPG ၊ 60MM တို့ရတယ်။ စခန်း ၄ ခုကို သိမ်းပိုက်ရာမှာ သေဆုံးသူ စစ်ဘက်ကနေ ၂၀ ကျော်လောက်ရှိမယ်။ စစ်သားတွေက အကုန်ထွက်ပြေးကုန်ကြတာ။ တောထဲ ခြုံထဲမှာ လည်း အလောင်းတွေရှိတယ်။ လက်နက်ခဲယမ်းကတော့ ၅၇ လက်လောက်ရထားတယ်။ ဒရုန်းတွေလည်းပါတယ်။ ပြီးရင် နိုဝင်ဘာလ ၂၉ မှာ ဟားခါးမြို့ ဗျူဟာကုန်း ၂၂၆ တပ်ရင်းမှူးကို ဟားခါးအပြန် အော်တိုတောင်ကနေ CC တပ်က ပစ်တယ်။ ဒဏ်ရာရပြီး ဆေးရုံတင်တာ မနေ့က တပ်ရင်းမှူး ဆုံးတယ်။ ခလရ ၂၂၂ တပ် ရင်းမှူး သေတာလည်း ပြောပြီးပြီ။ ဟားခါးတိုက်ပွဲတွေမှာ တပ်ရင်းမှူး ၃ ဦးသေတယ်” ဟု CNA သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိအချိန်အထိ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ စစ်ကူအင်အား ဖြည့်တင်းမှုရှိနေကြောင်း၊ စစ်ရေးအခြေအနေမှာ ဆက်လက်တင်းမာနေပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနိုင်ကြောင်း CNA သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

Photo- Voice of Chinalnd။