မန္တလေးနန်းတွင်း လပခ ထဲတွင် မီးလောင်

မန္တလေးမြို့ နန်းတွင်းထဲမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်ရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ထဲမှာ နိုဝင်ဘာ ၂ ရက် နေ့လယ်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံတယောက်က “နန်းတွင်းထဲက လပခ ထဲမှာ မီးလောင်လို့ ကျုံးမြောက်ဘက် ၇၃ လမ်းနဲ့ ၁၂ လမ်း ဝင်ပေါက်ကနေ မီးသတ်ကားတွေ ဝင်သွားတာ တွေ့တယ်ဗျ။ အရေအတွက်များတယ်” လို့ ပြောပါတယ်။

အဆိုပါမီးလောင်မှု ဖြစ်ပွားခဲ့တဲ့ မန္တလေးနန်းတွင်းထဲကို မီးငြှိမ်းသတ်ဖို့ သွားရောက်ခဲ့ကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်တချို့ကိုလည်း ဝင်ရောက်ခွင့် ကန့်သတ်ခံခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

မန္တလေးမြို့က လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတယောက်က “နေ့လယ် ၁၂ မကျော်ခင်က ဖြစ်တာလို့ သိရတယ်။ မီးသတ်ကားတွေလည်း သွားကြတယ်။ အရာရှိလိုင်းခန်း ၂ ခန်း လောင်တယ်တော့ သိရတယ်ဗျ။ သတင်းအတိအကျတော့ ထွက်မလာသေးဘူး” လို့ DVB ကို ပြောပါတယ်။

မီးလောင်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကလည်း သတင်းထုတ်ပြန်လာတာ မတွေ့ရသလို ဖြစ်စဥ်နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ DVB က မန္တလေးတိုင်း မီးသတ်တပ်ဖွဲ့ရုံးကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။


Comments

Leave a Reply

Your email address will not be published. Required fields are marked *