ရခိုင်တိုက်ပွဲသို့ အပို့ခံရသည့် ဧရာဝတီတိုင်းမှ စစ်ကောင်စီတပ်အရာရှိနှင့်တပ်ဖွဲ့ဝင် ၃၀ ကျော် အဆက် အသွယ်မရဘဲ ပျောက်ဆုံးနေ၍ နောက်တန်းအရာရှိအချို့ စစ်ဆေးခံနေရ
ရခိုင်ပြည်နယ်သို့ ပို့ဆောင်ခြင်းခံရသည့် ဧရာဝတီတိုင်းမှ စစ်ကောင်စီတပ်အရာရှိနှင့်တပ်ဖွဲ့ဝင် ၃၀ ကျော်မှာ စစ်ကောင်စီတပ်နှင့် အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးနေကြောင်း တပ်သတင်း ရင်းမြစ်ထံက သိရသည်။
ဧရာဝတီတိုင်း၊ မအူပင်အခြေစိုက် ခလရ ၂၇ မှ အရာရှိနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သည် ပြီးခဲ့သည့် စက်တင်ဘာ လက ရခိုင်ပြည်နယ် ရှေ့တန်း စစ်မျက်နှာပြင်သို့ ပို့ဆောင်ခံရပြီးနောက် လက်ရှိအချိန်ထိ တပ်ရင်းနှင့်အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
“ရခိုင်တိုက်ပွဲတွေရှိတဲ့နေရာကို အပို့ခံရတဲ့ မအူပင် ခလရ ၂၇ တပ်က အရာရှိနဲ့စစ်သည် ၃၀ ကျော် ရောက်သွားပြီး လပိုင်းအကြာမှာပဲ အဆက်အသွယ်မရတော့တာ”ဟု တပ်သတင်းရင်းမြစ်ကပြောသည်။
ထို့အပြင် ရခိုင်၊ အမ်းတိုက်ပွဲသို့ စစ်ကူလွှတ်လိုက်သည့် ပုသိမ်အခြေစိုက် ခလရ ၁၁ နှင့် ဓနုဖြူ အခြေစိုက် ခမရ ၁၀၈ မှ ဗိုလ်မှူးအပါအဝင် စစ်ကောင်စီတပ်သားအချို့ ရှေ့တန်းတိုက်ပွဲမှ ထွက်ပြေးမှု များနှင့် ထွက်ပြေးရန် ညွှန်ကြားမှုများရှိနေသည်ဟုဆိုကာ နောက်တန်းတွင်ရှိသည့် အရာရှိအချို့ကို စစ်ကောင်စီတပ်မှ ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။
“ဒီလထဲမှာပဲ ပုသိမ် ခလရ ၁၁ နဲ့ ဓနုဖြူ ခမရ ၁၀၈ က ဗိုလ်မှူးဝင်းဇော်မိုးနဲ့ တပ်သား ရှစ်ယောက် စစ်ကူလွှတ်ခံရပြီး တိုက်ပွဲမှာ ထွက်ပြေးသွားလို့ နောက်တန်းကအရာရှိတွေကို (အနောက်တောင်တိုင်းစစ်ဌာနချုပ်) နတခ ထဲမှာ ဖမ်းဆီး စစ်ဆေးခံနေရတယ်” ဟု တပ်သတင်းရင်းမြစ်ကပြောသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)လက်အောက် ခံ အမ်းအခြေစိုက် ခမရ ၃၇၃ မှထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား နှစ်ဦးနှင့် ခမရ ၃၇၁ ကြက်ရေ စမ်းနယ်ခြားစောင့်ဂိတ် ရှေ့တန်းစစ်ကြောင်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားနှစ်ဦးတို့ကို ပြီးခဲ့သည့် အောက်တိုဘာ ၃၁ နှင့် နိုဝင်ဘာ ၃ ရက်နေ့တို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း CDF-Asho တပ်ဖွဲ့တာဝန်ရှိသူ ဆလိုင်းရိုချင်းကပြောသည်။
အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် စစ်ကောင်စီတပ်စခန်းဌာနများကို AAကထိုးစစ်ဆင် တိုက်ခိုက်နေပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) လက်အောက်ရှိတပ်စခန်းများကို သိမ်းပိုက် ထားခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများကာ တပ်စခန်းစခွန့်ခွာ ထွက်ပြေး နေကြ ကြောင်း သိရသည်။
အမ်းမြို့နယ်အစပ် တစ်မိုင်ကုန်းစခန်းမှနေ၍ ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်က ဆုတ်ခွာ ထွက်ပြေးလာကြသည့် စစ်ကောင်စီတပ်သားများနှင့် အမ်း-ပဒါန်းလမ်းပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးပြီး ၁၄ ဦးကို လက်ရ ဖမ်းဆီးရရှိခဲ့ပြီး လက်နက်များ သိမ်းဆည်း ရရှိခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော် (SAF) တပ်ဖွဲ့ထံက သိရသည်။
ပုံစာ-မအူပင်အခြေစိုက် အမှတ် (၂၇) ခြေလျင်တပ်ရင်း
Leave a Reply