အမ်းရှိ ကာကင်းစခန်း ၃ ခုနှင့် ယာယီတပ်ဆေးရုံတို့ကို AA သိမ်းပိုက်ပြီး လေကြောင်းမှပို့သည့် စစ်ကြောင်းကိုပါဖမ်းဆီး

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ပတ်ချာလည်ရှိ စခန်းများအသိမ်းခံလိုက်ရသည့်အပြင် ခံစစ်ပြင် ကာရံထားသည့် စစ်ကောင်စီ၏ ကာကင်းစခန်းသုံးခုကိုပါ အာရက္ခတပ်တော် (AA)ကသိမ်းပိုက်လိုက်ကြောင်း သိရသည်။

အမ်းမြို့တွင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီး ကာကင်းစခန်းပြုလုပ်တပ်စွဲထားသည့် မြို့သစ် ဓာတ်ပေါင်းစုစစ်ဘေးရှောင်စခန်း၊ ဂန္ဓာရုံ ဘုန်းတော်ကြီးကျောင်း၊ လေယာဉ်ကွင်း (မြို့ဟောင်း) စခန်းတို့ကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ရက်နေ့တွင် AA က သိမ်းယူခဲ့ကြောင်း သိရသည်။

ထို့အပြင် ခုတင် ၃၀၀ ဆံ့စစ်ဆေးရုံ အသိမ်းခံရပြီးနောက် အထက ၂ ကျောင်းဝန်းအတွင်း ယာယီတပ်ဆေးရုံပြုလုပ်၍ ခံစစ်အထပ်ထပ်ပြင်ဆင်ထားသည့် အထက ၂ ကျောင်းရှိ စစ်ကောင်စီ၏ ယာယီတပ်ဆေးရုံကိုလည်း ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ရက်နေ့တွင် AA က သိမ်းယူခဲ့ကြောင်း သိရသည်။

“ယာယီတပ်ဆေးရုံက ဒရုန်းတွေနဲ့ရော အင်အား ၁၀၀ကျော်ပါချထားပြီး ခံစစ်ပြင်ထားတာ။ စစ် ဆရာဝန်တွေဖမ်းမိတယ်ကြားတယ်။ ကျန်တဲ့သူတွေ နပခထဲဝင်ပြေးပေါင်းတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ပြောသည်။

မြေပြင်ထောက်ပို့လမ်းကြောင်း အပိတ်ခံရသည့်အပြင် ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်းပါ သိမ်းယူ ခံလိုက်ရသည့် စစ်ကောင်စီသည် ခြေလျင်တပ်ရင်းနှင့် ခြေမြန်တပ်ရင်းများကို အမ်း- ပဒါန်းလမ်းမှ ပို့ဆောင်ရန်ကြိုးစားလျက်ရှိသော်လည်း တော်လှန်ရေးတပ်ပေါင်းစုများ၏ ကြားဖြတ်တိုက်ခိုက်မှု ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်နှင် လက်ရဖမ်းဆီးခံရမှုများနေကြောင်း သိရသည်။

AAသည် ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ရက်နေ့ကလည်း လေကြောင်းမှ အမ်းရိုးမအတွင်းသို့ အပို့ခံရသည့် စစ်ကောင်စီ စစ်ကြောင်း တစ်ခုလုံးနီးပါးကို ဖမ်းဆီးနိုင်ခဲ့ပြီး အင်အား ၅၀ခန့် လက်နက်နှင့်တကွဖမ်းဆီးရမိကြောင်း သိရသည်။

အမ်းသို့ မည်သည့်နေရာကမျှ စစ်ကူ၊ ထောက်ပို့နှင့် လက်နက်ခဲယမ်းရှိနိုင်မှု အခြေအနေ ဖြစ်နေသည့်အတွက် လေကြောင်းအသုံးပြုကာ လက်နက်၊ခဲယမ်းနှင့် ရိက္ခာပို့နေရကြောင်း သိရသည်။

“နပခထဲ ကျန်တဲ့တပ်ရင်းအကုန်စုပြီး ခံစစ်အကြီးအကျယ် ပြင်တယ်လို့သိထားပါတယ်။ ကာကင်း အနည်းငယ် ချန်ထားပြီး တပ်တွေအကုန် နပခထဲစုလိုက်တယ်။ အဓိက လေကြောင်းကပဲ တိုက်နေတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် AAက တောင်ကုတ်မြို့တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ပြီး အမှတ်(၅)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၅) ကို ပိတ်ဆို့တိုက်ခိုက်လျက်ရှိသည့်အပြင် ဂွမြို့နယ်အတွင်း ထိုးစစ်မှာ လည်း ပိုမိုပြင်းထန်လာကြောင်း သိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top