နွားထိုးကြီးမြို့နယ်တွင် စစ်တပ် တပ်စွဲထားသော ပြင်စည် လျှပ်စစ် ဓာတ်အားခွဲရုံ၊ ရဲစခန်း နှင့် စာသင်ကျောင်းတို့ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ပြင်စည်လျှပ်စစ်ဓာတ်အားခွဲရုံ၊ ရဲစခန်းနှင့်စာသင်ကျောင်းတို့ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော နွားထိုးကြီးမြို့နယ်၊ ပြင်စည်လျှပ်စစ်ဓာတ်အားခွဲရုံရှိ အကြမ်း ဖက်စစ်သားများကို ဒရုန်းဖြင့် ၄ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အနီးကပ် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကူပေးနိုင်သည့် ပြင်စည်ရဲစခန်းနှင့် စစ်သားများ အထိုင်ချတပ်စွဲထားရာ စာသင်ကျောင်းကိုလည်း ၆၀ မမ လက်နက်ကြီးဖြင့် ၅ ကြိမ်၊ ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ကာ ဖြတ်တောက်ခဲ့ သော်လည်း တိုက်ပွဲ ၁ နာရီခွဲ ခန့်အကြာ ရန်ကုန် -မန္တလေး အမြန်လမ်းမပေါ်မှ စစ်သားများ စစ်ကူ ရောက်ရှိလာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား ၇ ဦးသေဆုံးပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း၊ အမှတ် ၁၀ တပ်ရင်း နှင့် MDDS တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သော်လည်း Fixed Wings Drone ၂ စီးဆုံးရှုံးခဲ့ကြောင်း နွား ထိုးကြီး PDF က ထုတ်ပြန်ထားသည်။
Leave a Reply