အုပ်ချုပ်ရေးမှူးနဲ့ပေါင်းပြီး စစ်မှုထမ်းအဓမ္မလူစုပေးနေတဲ့ ရာအိမ်မှူး သေနတ်နဲ့ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့မှာ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ပေါင်းပြီး စစ်မှုထမ်းအတွက်အဓမ္မ လူသစ်စုဆောင်းတဲ့ ရာအိမ်မှူး အမျိုးသား ၁ ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ Dragon Brother(GBK PDF)က သတင်းထုတ်ပြန်ထားပါတယ်။

အသတ်ခံရသူမှာ ကြို့ပင်ကောက်မြို့နယ်၊ တောင်ရွာမရပ်ကွက်ရဲ့ ရာအိမ်မှူး အသက် ၄၅ နှစ်ဝန်းကျင် ကိုအောင်ထွန်း ဖြစ်ပြီး ဒီဇင်ဘာ ၃ ရက် မနေ့မနက် ၁၀ နာရီဝန်းကျင်မှာ ရုံးလမ်းထောင့် ဆိုင်ကယ်ကယ်ရီဂိတ်အနီးမှာ ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

“ အုပ်ကြီးရယ် အခြားသူတွေရယ် ၄ ယောက်စုပြီးစကားပြောနေတုန်းမှာ သူ့ကိုရွေးပြီးပစ်ခဲ့တာ။ ဒီကောင်က အုပ်ကြီးကို ကြိုးကိုင်နေတာ။ ခေါင်းကို ၂ ချက်ပစ်ခဲ့တယ်။ သူ့ဆီက လက်ကိုင်ဖုန်း ၁ လုံးတော့ သိမ်းခဲ့တယ်“ လို့ Dragon Brother(GBK PDF)က ယာယီစစ်ကြောင်းမှူးက ပြောပါတယ်။

ကိုအောင်ထွန်းဟာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူးအဆက်ဆက်ကိုလာဘ်ထိုးပေါင်းသင်းပြီး ဘီယာဆိုင်ဖွင့်ရောင်းချနေသူဖြစ်တဲ့အပြင် ကြို့ပင်ကောက်မြို့နယ် ကုန်းမြင့်ရွာက ပျူစောထီးနေဇာလင်းနဲ့ တောင်ရွာမရပ်ကွက် အုပ်ချုပ်ရေးမှူးကိုခင်မောင်ဝင်းတို့ကို နောက်ကွယ်ကကြိုးကိုင်နေသူဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင်ကိုအောင်ထွန်းဟာ ပွဲရုံအလုပ်သမားတွေကို ငွေတောင်းခံတာ စစ်သားအဓမ္မစုဆောင်းတာနဲ့ စစ်မှုထမ်းဖို့ ငြင်းဆန်သူတွေကို စစ်ကောင်စီတပ်နဲ့ ဖမ်းခိုင်းမယ်လို့ ခြိမ်းခြောက်တဲ့အပြင် ဆဲဆိုတာတွေလည်း ပြုလုပ်တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ကိုအောင်ထွန်းကို ကြို့ပင်ကောက်မြို့ပရဟိတအသင်းက ဆေးရုံကိုသယ်သွားပြီး ဆေးရုံရောက်ပြီးမကြာခင်မှာပဲသေဆုံးခဲ့ကာ ဒီကနေ့နေ့လယ်ပိုင်းမှာ သင်္ဂြိုဟ်မှာဖြစ်တယ်လို့ ကြို့ပင်ကောက်မြို့ခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်ကလည်း ကြို့ပင်ကောက်မြို့ နဂါးနီလမ်းက ကိုထွန်းမင်းစိုးကိုလည်း မြို့အဝင် ဒေါင်းလူးရွာအနီးမှာ က Dragon Brother “GBK PDF”က သေနတ်နဲ့ပစ်သတ်ခဲ့ကြပါသေးတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top