အမျိုးသမီး ၂၀ ကျော်ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန် မုဒိမ်းကျင့်ခဲ့သော မြကျောက် အပ္ပမာဒမဟိဒ္ဓိကျောင်းထိုင် ဘုန်းကြီး ထွက်ပြေး

ပြင်ဦးလွင်တွင် စစ်ဘေးရှောင်များ အပါအဝင် အမျိုးသမီး ၂၀ ကျော်ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန် မုဒိမ်းကျင့်ခဲ့သော မြကျောက် အပ္ပမာဒမဟိဒ္ဓိကျောင်းထိုင် ဘုန်းကြီး ထွက်ပြေး တိမ်းရှောင်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် စစ်ဘေးရှောင်များ အပါအဝင် အမျိုးသမီး ၂၀ ကျော်ကို လိင်ပိုင်းဆိုင်ရာ စော်ကား ကျူးလွန်ခဲ့သော မြကျောက် အပ္ပမာဒမဟိဒ္ဓိကျောင်းထိုင် ဘုန်းကြီးကို စစ်ကောင်စီဘက်မှ တာဝန်ရှိသူတချို့ သွားရောက် စစ်ဆေးခဲ့သော်လည်း ထွက်ပြေး တိမ်း ရှောင်နေကြောင်း ဘုန်းကြီးနှင့် အနီးကပ်နေထိုင်သူ တချို့က ပြောဆိုသည်။

ဒီဇင်ဘာလ ၂ ရက်နေ့ ပြင်ဦးလွင်မြို့နယ်၊ အင်းကြီးစံပြရွာ၊ အနီးစခန်း စည်သာဆည်အနီးရှိ မြကျောက်အပ္ပမာဒမဟိဒ္ဓိကျောင်းကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ တာဝန်ရှိသူတချို့ ဝင်ရောက် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့သို့ ဝင်ရောက်စစ်ဆေးချိန်တွင် ဘုန်းကြီးကျောင်းရှိ ကပ္ပိယဆိုသူများ၊ ဘုန်းကြီး မိသားစုဝင်များနှင့် ဘုန်းကြီးတချို့သာ ကျောင်း၌ ရှိနေပြီး ကျောင်းထိုင် ဘုန်းကြီး အပ္ပမာဒမဟိဒ္ဓိ ဆရာတော် အရှင် ဝါသဝ နေမကောင်း၍ ဆေးကုသမှုခံယူနေရပြီး ဘုန်းကြီးကျောင်းတွင် မရှိဟု လိမ်ညာပြောဆိုလိုက်သည်ဟု သိရှိရသည်။

မြကျောက် အပ္ပမာဒမဟိဒ္ဓိ ဆရာတော် အရှင်ဝါသဝက လက်ရှိအချိန် တော်လှန်ရေး တပ်ဖွဲ့များ အားကောင်းသည့် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း မြို့နယ် အစပ်ကို ထွက်ပြေးတိမ်းရှောင်နေပြီး မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက် အထက ကျောင်းရှေ့ရှိ ၃ ထပ်တိုက် အစိမ်းရောင် ဘီးခွန်ဂိတ်အနီးတွင် ၎င်း၏ ညီဖြစ်သူ အကြားအမြင်ဆရာ ဒေါက်တာမြင့်မောင်မောင် ဆိုသူ နေထိုင်ကြောင်း သိရသည်။

“အဲ ဘုန်းကြီးက ပြေးပြီလို့ သိရတယ်။ စစ်ကိုင်းဆိုပြီး ထွက်သွားတာ ကျောင်းကို ပြန်မလာတော့ဘူးတဲ့ အခုကျောင်းမှာမရှိတော့ဘူး။ ဒီဇင် ဘာလ ၂ ရက်နေ့ကတော့ စစစ လုံးက ကျောင်းကို လာစစ်တယ်လို့တော့ သိရတယ်။ အဲကျောင်းမှာ ဘုန်းကြီးနဲ့အတူနေထိုင်တဲ့ ညီမ ၂ ဦးရှိတယ်။ သူတို့ ကုမ္ပဏီကရတဲ့ အကျိုးအမြတ်တွေနဲ့ ရပ်တည်နေတာ သူတို့ကလည်း မိန်းကလေးများစွာ နစ်နာနေတာကို သိလျက်နဲ့ သူ့အကိုလုပ်ရပ်ကို အလိုတူ အလိုပါဖုံးကွယ်ထားတာ သူတို့က စစစ က လာစစ်တဲ့ သူတွေကို ဘုန်းကြီး နေမကောင်းလို့ စစ်ကိုင်းကို ဆေးသွားကုတယ် ဆိုပြီး လိမ်လိုက်တယ်လို့ သိရတယ်။ စစစ က လူ ၇ ယောက်ရှိမယ် ကျောင်းကို လာတာ ဘာတွေပြောကျလည်းတော့ အသေးစိတ် မသိဘူး။ ဘုန်းကြီးထွက်ပြေးနေတဲ့ စစ်ကိုင်း ရွှေကြက်ယက်မှာ သူ့ရဲ့ ညီ အကြားအမြင်ဆရာ ဒေါက်တာမြင့်မောင်မောင်ဆိုတာရှိတယ် အဲ့ကို တိမ်းရှောင်နေတယ်လို့ ခန့်မှန်းရတယ်” ဟု ဘုန်းကြီးနှင့် အနီးကပ်နေထိုင်ခဲ့သူ တချို့က ပြောဆိုသည်။

ကျောင်းထိုင် ဘုန်းကြီး အပ္ပမာဒမဟိဒ္ဓိ ဆရာတော် အရှင်ဝါသဝ က စစ်ဘေးတိမ်းရှောင်လာသော အမျိုးသမီးများနှင့် တရားစခန်း ဝင်လာသော အမျိုးသမီးများကို ပစ်မှတ်ထား၍ သီလရှင် ဝတ်ခိုင်းပြီး ကျောင်းထိုင် ဘုန်းကြီးက သာသနာအတွက် ပါရမီ ဖြည့်ဖက် လုပ်ဆောင်ရမည်ဟု စည်းရုံးသိမ်းသွင်းပြီး မျိုးဆက်ပွားရမည်ဟုဆိုကာ အမျိုးသမီးများကို လိင်ပိုင်ဆိုင်ရာ စော်ကားခဲ့ခြင်းဖြစ်ကြောင်း၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသော အမျိုးသမီးများကိုလည်း ကျောင်းတိုက်အတွင်း ပိတ်လှောင်ပြီး ရိုက်နှက် နှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သည်များကို ထုတ်ဖော် ပြောဆိုလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဘုန်းကြီးကျောင်းသည် သာသနာ့မြေအဖြစ် တရားဝင်မကျသေးဘဲ တည်ဆောက်ထားခြင်းဖြစ်ပြီး ကျောင်းအနီးတွင် သာသနာ့ တက္ကသိုလ် တည်‌ဆောက်ရန် အကြောင်းပြပြီး အလှူခံကာ မြေကွက်များကို ဝယ်ယူစုဆောင်းထားပြီး ဝယ်ရောင်း ပြုလုပ်နေကြောင်း၊ ထို့ပြင် ကျောင်းထိုင်ဘုန်းကြီးသည် စီးပွားရေးအတွက် GOALS International Company Limited ကို တည်ထောင်ထားပြီး ကုမ္ပဏီကို သာသနာနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး တက္ကသိုလ်အတွက်ဟု ခေါင်းစဉ်တပ်၍ ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်သော လူငယ်များကို လုပ်ခ ခေါင်းပုံဖြတ်ကာ ဝင်ငွေအားလုံးကို အပိုင်စီးထားကြောင်း၊ ထို့ပြင် ငွေကြေး ချမ်းသာသောသူများထံမှလည်း ခေါင်းစဉ် အမျိုးမျိုးတပ်၍ သိန်းထောင်ချီ အလှူခံမှုများလည်း လုပ်ဆောင်နေကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *