စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းအချက်လက်များ လွဲမှားမှုရှိကြောင်း စစ်ခေါင်းဆောင် ဝန်ခံ

မြန်မာ့စီးပွားရေးတိုးတက်နေသည်ဟု မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိသူ စစ်ခေါင်းဆောင်က စီးပွားရေးအချက်အလက်များသည် မြေပြင်နှင့်ကွဲလွဲနေကြောင်း ဝန်ခံပြောဆိုခဲ့သည်။

စစ်ကောင်စီ ဝန်ကြီးဌာနများ၏ စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းစာရင်းအချက်လက်များသည် မြေပြင် ပကတိအခြေအနေနှင့် ကွဲလွဲမှုရှိကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ဝန်ခံပြောကြားသည်။

ယမန်နေ့ (ဒီဇင်ဘာ ၃) က နေပြည်တော်တွင် ပြုလုပ်သည် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် စစ်ခေါင်းဆောင်က ဝန်ခံပြောကြားချက်များကို စစ်ကောင်စီထိန်းချုပ်သည့် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

ကိန်းဂဏန်းအချက်လက်များအရ စီးပွားရေးတိုးတက်သည့်နည်းတူ မြေပြင်အမှန်တိုးတက်ရန်လိုအပ်ပြီး အချက်လက် မမှန်ကန်ပါက စီမံကိန်းများရေးဆွဲရာတွင် မှားယွင်းနိုင်ကြောင်း၊ တိုင်းနှင့် ပြည်နယ်များရှိ စီးပွားရေးဝန်ကြီးများနှင့် စီမံကိန်းရေးဆွဲရေးဌာနများက မြေပြင်အခြေအနေမှန်ကို လေ့လာသုံးသပ်ပြီးမှ ဆောင်ရွက်သင့်ကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။

“ဥပမာအနေဖြင့် မိမိတို့နိုင်ငံတွင် ဝါများပိုလျှံမှုရှိသည်ဟု ကိန်းဂဏန်းအချက်လက်များအရ သိရှိရပြီး ပြည်ပသို့ တင်ပို့ထားသည့် ကိန်းဂဏန်းအချက်အလက်နှင့် အမှန်တကယ်တင်ပို့ထားသည့်အချက် အလက်များ ကွဲလွဲနေသည်ကို တွေ့မြင်ရကြောင်း၊ ဆန်နှင့်ပတ်သက်၍ နှစ်စဉ်ပိုလျှံမှုများရှိကြောင်း၊ သို့သော် ပိုလျှံသည့်ဆန်နှင့် ပြည်ပသို့ တင်ပို့သည့် ဆန်ပမာဏ ကွာခြားနေကြောင်း” စစ်ခေါင်းဆောင်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မြေပြင်အထွက်နှုန်းများနှင့် စစ်ကောင်စီဌာနဆိုင်ရာများက တင်ပြသည့်အချက်အလက်များကိုက်ညီရန် လိုအပ်သည်ဟု ဆိုသည်။

သို့သော် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်မှစ၍ နိုင်ငံ၏ အထွေထွေစီးပွားရေး ပြိုဆင်းနေသော်လည်း စစ်ခေါင်းဆောင်က ၎င်းလက်အောက်ခံဝန်ကြီးဌာနများက အစီရင်ခံသည် စီးပွားရေးဆိုင်ရာအချက်လက် များကို အခြေခံ၍ ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးအကျပ်အတည်းကြား အသားတင်ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) တိုးတက်လာကြောင်း အစဉ်တစိုက်ပြောဆိုလေ့ရှိသည်။

မြန်မာ့စီးပွားရေးတိုးတက်နေသည်ဟု မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိသူက ဝန်ခံပြောဆိုမှု လုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါအစည်းအဝေးသို့ စစ်ကောင်င်စီဒုက္ကဋ္ဌ ဒုလ်ချုပ်မှူးကြီး စိုးဝင်းအပါအဝင် စစ်ကောင်စီခန့် ဝန်ကြီး များတက်ရောက်ခဲ့ကြသည်ကို တွေ့ရသည်။

အမည် မဖော်လိုသည့် စီးပွားလေ့လာသုံးသပ်သူ အမျိုးသားတစ်ဦးက စီးပွားရေးဆိုင်ရာကိန်းဂဏန်းများ နှင့်ပတ်သက်၍ ကမ္ဘာဘဏ်၊ အာရှဖွံ့ဖြိးရေးဘဏ်ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများ၏ အစီရင်ခံစာများ နှင့် မြေပြင်အချက်လက်များတွင် ကျဆင်းနေသည်မှာ သိသာကြောင်း၊ စစ်ကောင်စီ၏ ကိန်းဂဏန်း အချက်လက်များမှာ ယုံကြည်နိုင်စရာမရှိကြောင်း ပြောသည်။

“အောက်ကလူကတော့ တိုးတက်ပါတယ်လို့ တစ်ဖက်ကပြောလို့ရသလောက် သူတို့ခုံမြဲဖို့အတွက်ကို လိုက်ပြောနေရမှာပေါ့” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီလက်ထက် စီးပွားရေးတိုးတက်မှုနှင့်ပတ်သက်၍ သိသာထင်ရှားစွာထုတ်ဖော်ပြသနိုင်သည့် နယ်ပယ်နည်းပါလာ၍ စိုက်ပျိုးရေး၊ ဝက်မွေးမြူရေးနှင့် ငါးမွေးမြူရေးကန်များသို့ သွားရောက် လေ့လာရကာ သတင်းစာများတွင် တစ်ခမ်းတစ်နားထုတ်ပြန်နေသည်ကို တွေ့ရလေ့ရှိကြောင်း ၎င်းက ဆက်ပြောသည်။

ယခင် ပုံမှန်ထုတ်ပြန်နေသည့် စီးပွားရေးဆိုင်ရာကိန်းဂဏန်းများကို အများပြည်သူကြည့်ရှုခွင့်မရရန် စစ်ကောင်စီက ပိတ်ပင်ထားသည်။

မြန်မာနှင့်ကုန်သွယ်နေသည့် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များက ထိန်းချုပ်လိုက်ပြီးနောက် ကုန်သွယ်ရေးကိန်းဂဏန်းများအား အများပြည်သူကြည့်ရှုခွင့် ပိတ်ပင်ထားရာ ကုန်သွယ်ရေးကျဆင်းမှုကို သတင်းဌာနများ၊ သုတေသနအဖွဲ့အစည်းများက မီးမောင်းထိုးပြနိုင်ခြင်း မရှိတော့ပေ။

ထို့အပြင် တစ်နှစ်တစ်ကြိမ်အတည်ပြုထုတ်ပြန်သည့် စစ်ကောင်စီ၏ ဘတ်ဂျက်ဥပဒေပါ နောက်ဆက်တွဲ စာရင်းဇယားအချက်လက်များကို မထုတ်ပြန်တော့၍ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာပွင့်လင်းမြင်သာမှု သိသိသာသာ ကျဆင်းသွားကြောင်း စီးပွားရေးကျွမ်းကျင်သူများက ပြောသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *