ရခိုင်ပြည်၊ အမ်းမြို့ဘက်သို့ ဦးတည်သော စစ်တပ်ရိက္ခာတင်ကား ၃ စီးနှင့် ငဖဲတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၂၃ ဦးသေဆုံးပြီး စစ်ကား ၂ စီးပျက်စီးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပေါ်တွင် ရခိုင်ပြည် အမ်းဘက်သို့ ဦးတည်နေသော အကြမ်းဖက်စစ်တပ်ရိက္ခာတင်ကား ၃ စီးနှင့် ငဖဲမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း PRA-Magway တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းမပေါ် စွန်တက်ရွာနှင့် လင်းတဲ ရွာအကြား အင်အား ၅၀ ခန့်ပါဝင်သော စစ်ကောင်စီ၏ ရိက္ခာစစ်ကား ၃ စီးကို PRA-Magway တပ်ဖွဲ့က ခြုံခိုမိုင်းဆွဲတိုက်ခိုက်ပြီး အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၀ မိနစ်ကျော် ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် စစ်သား ၉ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း၊ ထို့ပြင် ရိက္ခာကား ၂ စီးလည်း ရှေ့ဆက်မရ တော့သည် အထိ ပျက်စီးသွားခဲ့ကြောင်း သိရသည်။
“ရိက္ခာကား ၃ စီးကတော့ ပဒါန်းဘက်ကနေ အမ်းဘက်ကို ဦးတည်ထားတာ။အမ်းက ဘယ်ကိုသွားမလဲ။ ဘယ်အထိသွားမလဲတော့ မသိဘူး။ ကျနော်တို့က ကြားဖြတ်တိုက်ခိုက်တာပါ” ဟု PRA-Magway တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အလားတူ နိုဝင်ဘာလ ၂၃ ရက် နေ့ကလည်း ငဖဲမြို့နယ်၊ ဘုံးဘောရွာသို့ စစ်ကြောင်းထိုးလာသော အင်အား ၉ဝ ပါ စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၅ နာရီခန့် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၁၄ ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အ ကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ စစ်ကူရောက်ရှိ လာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ခေတ္တပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
“ငဖဲမြို့နယ်၊ ဘုံးဘောကျေးရွာကို တက်လာတဲ့ ဦးတည်လာတဲ့စစ်ကြောင်းပါ။ အဲဒီအချိန်မှာ ကျနော်တို့ လုံခြုံရေးကင်းတွေနဲ့စတွေ့တယ်။ တိုက်ပွဲဖြစ်တယ်။ အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်” ဟု PRA-Magway တပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းလင်းပြောဆိုသည်။
ထို့ပြင် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်စစ်ဌာနချုပ် (နပခ-အမ်း) မှ စစ်ရှုံး၍ထွက်ပြေးလာသော စစ်ကောင်စီတပ် ပြေးများကိုလည်း PRA-Magway မှ ကင်းပုန်းချပိတ်ဆို့ဖမ်းဆီးမှုများ ပြုလုပ်လျက် ရှိရာ ထိတွေ့တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
နိုဝင်ဘာနှင့် ဒီဇင်ဘာ ပထမပတ် အတွင်း စစ်ကောင်စီ၏ အင်အား ၅၀ နီးပါးကို ချေမှုန်း နိုင်ခဲ့ပြီး လက်နက်ငယ် ၈ လက်၊ ခဲယမ်းနှင့် စစ်အသုံးအဆောင် များကိုလည်း သိမ်းဆည်းရရှိခဲ့ ကြောင်း ၊ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) အနေဖြင့် မိမိတစ်ဖွဲ့ချင်းဖြင့် သော်လည်းကောင်း၊ မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍သော်လည်းကောင်း ချမှတ်ထားပြီးသော စစ်ရေးရည်မှန်းချက်များကို တစ်ဆင့်ချင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။
“နိုဝင်ဘာလနဲ့ ဒီဇင်ဘာ ပထမပတ်အတွင်းမှာ စစ်သား ၅၀ ကို ကျနော်တို့ ချေမှုန်းနိုင်ခဲ့ပါတယ်” ဟု PRA-Magway တပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။
Leave a Reply