တရုတ်ဖိအားကြောင့် ကိုးကန့်တပ် MNDAA က လားရှိုးကိစ္စ ဆွေးနွေးမည်ဟု ဆိုသော်လည်း စစ်ကောင်စီအနေဖြင့် ပြန်ရနိုင်ဖွယ်မရှိ

တရုတ်အစိုးရ၏ ဖိအားပေး တိုက်တွန်းမှုကြောင့် တအာင်းတပ်မတော် (TNLA)နည်းတူ ကိုးကန့် တပ်မတော် (MNDAA)က ရောက်ရာနေရာမှ အပစ်အခတ် ရပ်စဲပြီး လားရှိုးမြို့ကိစ္စ ဆွေးနွေးမည်ဆိုသော်လည်း စစ်ကောင်စီအနေဖြင့် ပြန်ရနိုင်ဖွယ်မရှိကြောင်း စစ်ရေးအကဲခတ် လေ့လာသူများထံက သိရသည်။

စစ်ကောင်စီကို မရှုမလှ စစ်ရှုံးအထိနာစေသော ကိုးကန့်တပ်မတော် (MNDAA)သည် ပြည်တွင်းစစ်ရေး ပဋိပက္ခများအား နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် လိုလားသည်ဟု ၎င်းတို့၏ ရပ်တည်ချက်နှင့် သဘောထားကို ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်က ထပ်မံထုတ်ပြန်ခဲ့သည်။

“ကြားရသလောက် ပြန်ပေးမယ်လို့ မထင်ပါဘူး။ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာ ရပ်ဖို့လည်း ပြောပါတယ်။ လားရှိုးရဖို့ဆိုရင် နောင်ချိုအရင် ရရမယ်လို့ စစ်ကောင်စီဘက်က တွက်ပါ တယ်။ တရုတ်ကျေနပ်အောင် ထုတ်တာပေါ့” ဟု စစ်ရေးအကဲခတ်သူတစ်ဦးက ပြောသည်။

ထိုထုတ်ပြန်ချက်တွင် စစ်ဘေးဒုက္ခဒဏ်ကို ပြင်းထန်စွာ ခံစားနေရသည့် အပြစ်မဲ့ပြည်သူလူထု၏ အကျိုးကို ငဲ့ညှာထောက်ထားရန်၊ တရုတ်-မြန်မာနယ်စပ်၏ တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်း ရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ ဖော်ဆောင်ရန်အတွက်ဟု MNDAA က ဖော်ပြထားသည်။

အဆိုပါနေ့မှစ၍ ရောက်ရာနေရာတွင် တပ်များချက်ချင်း အပစ်ရပ်စဲပြီး စစ်ကောင်စီတပ်များကို အစပြုထိုးစစ်ဆင် တိုက်ခိုက်မည်မဟုတ်ဘဲ တရုတ်အစိုး၏ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်မှု အောက်တွင် လားရှိုးအပါအဝင် သက်ဆိုင်ရာ ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးသော နည်းလမ်းဖြင့် ဖြေရှင်းနိုင်မည်ဟု ဆိုသည်။

MNDAA အနေဖြင့် တရုတ်အစိုးရ၏ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်ပေးမှုအတိုင်း တက်တက် ကြွကြွ ပူးပေါင်းမည်ဖြစ်သလို စစ်ကောင်စီဘက်မှလည်း မြန်မာနိုင်ငံနေရာအနှံ့တွင် ဖော်ဆောင်နေသော ဝေဟင်နှင့် မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်နေမှုများကို ရပ်ဆိုင်းပေးရမည်ဟု ဖော်ပြပါရှိသည်။

“စစ်ကောင်စီဘက်က လေကြောင်းထိုးစစ်တွေ ဘာတွေကို ရပ်ဆိုင်းပေးဖို့၊ အဲဒါတွေ ရပ်ဆိုင်းရင် သူလည်း ရပ်ဆိုင်းမယ်ဆိုတဲ့ သဘောပေါ့။ အဲဒီတော့ စစ်ကောင်စီဘက်က လေကြောင်းထိုးစစ်တွေ ရပ်ပေး မပေးဆိုတာ စောင့်ကြည့်ရဦးမှာပါ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မည်ဖြစ်ပြီး နှစ်ဦး နှစ်ဖက်ကြားရှိ ပဋိပက္ခများနှင့် အမြင်သဘောထား ကွဲလွဲမှုများကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းသွား နိုင်လိမ့်မည်ဟု MNDAA က မျှော်လင့်သော်လည်း မိမိကိုယ်ကို ခုခံကာကွယ်ခွင့်အား ယခင်နည်းတူ ဆက်လက်စွဲကိုင်သွားမည်ဟု ဆိုသည်။

ယင်းအပြင် MNDAA က ၎င်းတို့အနေဖြင့် နိုင်ငံတော်မှ ခွဲထွက်၍ နိုင်ငံတော်အသစ် ထူထောင်ခြင်းကို ပြုလုပ်မှာမဟုတ်ဘဲ စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တောင်းဆိုခြင်းသာဖြစ်ပြီး နိုင်ငံတော် အချုပ်အခြာအာဏာနှင့် နိုင်ငံပိုင်နယ်မြေ တည်တံ့ခိုင်မြဲရေးကို တစိုက်မတ်မတ် ထိန်းသိမ်းကာကွယ် သွားမည်ဟု ထုတ်ပြန်ထားသည်။

အလားတူ တအာင်းတပ်မတော် (TNLA)ကလည်း နိုဝင်ဘာ ၂၅ ရက်က တရုတ်အစိုး၏ ကြိုးပမ်းမှုကို အသိအမှတ်ပြုပြီး နှစ်ဖက်စစ်ရေး ပြဿနာကို အဆုံးသတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရန် အသင့် ရှိကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် MNDAA က ထပ်မံပြောဆို ထုတ်ပြန်လာခြင်းဖြစ်သည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ၁ဝ၂၇ စစ်ဆင်ရေးကာလအတွင်း လက်လွှတ်ဆုံးရှုံးခဲ့ရသော ရှမ်းပြည်မြောက်ပိုင်းရှိ လားရှိုးမြို့ကို တရုတ်အစိုးရ အကူအညီဖြင့် ပြန်လည်ရရှိအောင် နည်းမျိုးစုံသုံး၍ ကြိုးစာနေသလို နောင်ချိုမြို့ကိုလည်း လေကြောင်းနှင့် လက်နက်ကြီးများ ထိုးစစ်ဆင် တိုက်ခိုက် နေကြောင်း သိရသည်။

ထို့အတွက် စစ်ခေါင်းဆောင်က ပထမဆုံးအကြိမ် သွားရောက်ခွင့်ရခဲ့သည့် တရုတ်ခရီးစဉ်အတွင်း ဝန်ကြီးချုပ် လီချန်းနှင့် တွေ့ဆုံစဉ် ၎င်းတို့စစ်ရှုံးနေမှုကို အဓိကထား တိုင်ကြားခဲ့သလို တစ်ဖက်တွင် လည်း MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်နိုင်ငံမှ ဖမ်းဆီးထားကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

အဆိုပါ သတင်းထွက်ပေါ်ခဲ့သော်လည်း MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို ဖမ်းဆီးထားသည် ဆိုသည်မှာ မဟုတ်မှန်ကြောင်း တရုတ်အစိုးရက တရားဝင် ငြင်းဆိုခဲ့သည်။

“အဲဒီဒေသ ငြိမ်းချမ်းရေး မရမချင်း၊ စစ်မရပ်မချင်း တရုတ်ကတော့ ဆက်ပြီးဖိအားပေးနေမှာပဲ။ အဲဒီတော့ စစ်ဆက်ဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာ မင်းအောင်လှိုင်အပေါ်မှာ မူတည်တယ်။ မင်းအောင် လှိုင် က ဆက်တိုက်မယ်ဆိုရင် သူတို့ကလည်း တိုက်ကြမှာပဲ” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

ယင်းအပြင် စစ်ကောင်စီက ပြင်ဦးလွင်-ရပ်စောက်-ဗထူးတပ်နှင့် ရှမ်းတောင်တို့ကို စစ်မီးမကူး စက်အောင် TNLA သိမ်းပိုက်ထားသော နောင်ချိုမြို့နှင့် မိုင် ၂၀ ခန့်အကွာရှိ တောင်ခမ်း အမြောက်စခန်းတွင် အင်အားဖြည့်တင်း၍ အပြင်းအထန် ကာကွယ်နေကြောင်း သိရသည်။

လက်ရှိတွင် MNDAA သိမ်းပိုက်ထားသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ရှိ လားရှိုးမြို့တွင် ကိုးကန့်အလံနှင့် “ဝ”တပ်ဖွဲ့ အလံအပြင် စစ်ကောင်စီ အသုံးပြုနေသော နိုင်ငံတော်အလံကိုလည်း တွဲ၍ လွှင့်ထူထားကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *