ဗန်းမော်နှင့် မံစီမြို့သိမ်းတိုက်ပွဲတွင် စစ်စခန်း ၇ ခုထက်မနည်းကို သိမ်းပိုက်ထားပြီး ဗန်းမော်မြို့တစ်၀ိုက်တွင် တိုက်ပွဲ ပြင်းထန်နေ

စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် မံစီမြို့သိမ်းတိုက်ပွဲတွင် ဗန်းမော်တက္ကသိုလ် အပါအဝင် စစ်ကောင်စီတပ်စွဲထားသော နေရာ ၇ ခုထက်မနည်းကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်ရှိအချိန်အထိ ဗန်းမော်မြို့အနီးတွင် တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၅ နာရီမှစတင်၍ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဗန်းမော်မြို့နှင့် မံစီမြို့တို့ရှိ စစ်ကောင်စီတပ်စခန်းများကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ခလရ ၄၇ ၏ ကာကင်းစခန်းများဖြစ်သော ညောင်ပင်သာ ကင်းစခန်း၊ ၊ဖန်းခါးကုန်းစခန်း၊ ဗန်းမော်တက္ကသိုလ်ရှိ စစ်တပ်စခန်း အပါအဝင် စစ်ကောင်စီတပ်စခန်း ၇ ခုထက်မနည်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်ပြီး ဗန်းမော်မြို့ မကျစေရေး အပြင်းအထန် ခုခံနေကြောင်း၊ ဗန်းမော်မြို့ရှိ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင်လည်းတိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

“တိုက်ပွဲ ပြင်းထန်လွန်းတော့ နှစ်ဖက် ထိခိုက်ကျဆုံးမှု တွေရှိပါတယ်။ စစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေ အရမ်းကိုလုပ်နေတာ။ စစ်စခန်းတွေ သိမ်းဆည်းရရှိတာ ရှိပေမယ့် လေကြောင်းရော ဒရုန်းရော အရမ်းသတိထားနေရတယ်။ တိုက်ပွဲတွေက ဗန်းမော်မြို့တစ်၀ိုက်မှာ ဖြစ်နေတယ်။ စကခ ၂၁ ဘက်မှာလည်း တိုက်ပွဲတွေရှိနေတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကောင်စီတပ်များက လေကြောင်းတိုက်ခိုက်မှုအပြင် ဒရုန်းများကိုပါ အသုံးပြုကြောင်း၊ တော်လှန်ရေးတပ်များက စခန်းများ၊ ကျေးရွာ စစ်စခန်းများကို သိမ်းပိုက်ပြီးနောက် ရှေ့သို့သာ စစ်ကြောင်းများ ဆက်လက်တိုး၍ ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း၊ စစ်ကောင်စီတပ်၏ သံချပ်ကာ တင့်ကား ၁ စီးကို သိမ်းပိုက်ရရှိသည်ဟု သတင်းထွက်သော်လည်း အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အလားတူ မံစီမြို့သိမ်းတိုက်ပွဲတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ခမရ-၃၁၉၊ ခမရ ၆၀၁ နှင့် အမှတ် ၅၂၃ အမြောက်တပ် တပ်ရင်း ၃ ခုကိုလည်း တပြိုင်နက်တည်း ၀ိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်လျက်ရှိပြီး စစ်တပ်က အပြင်းအထန် ခုခံလျက်ရှိကြောင်း၊ တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- မိုးမောက်မြို့သိမ်းတိုက်ပွဲတွင် သိမ်းပိုက်ရရှိထားသော စစ်ကောင်စီတပ်၏ သံချပ်ကာ ကား ၁ စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top