မြစ်ကြီးနားလေတပ်စခန်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီတပ်၏ လေတပ်စခန်းကို ယမန်နေ့ နံနက်ပိုင်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရသော်လည်း ကြီးကြီးမားမား ထိခိုက်မှုမရှိကြောင်း KIA သတင်းရင်းမြစ်နှင့် တပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန် မြစ်ကြီးနားလေတပ်စခန်း အနီးသို့ ရှော့တိုက်ဒုံး ၆ လုံးထက်မနည်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း၊ သို့ရာတွင် ရှော့တိုက်ဒုံးများသည် လေတပ်၏ ခြံစည်းရိုးနှင့် ပြေးလမ်းနံဘေးတို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ပျက်စီး ထိခိုက်မှု ကြီးကြီးမားမား မရှိကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

KIA သတင်းရင်းမြစ်ကလည်း ယမန်နေ့ နံနက်ပိုင်း မြစ်ကြီးနားလေတပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် KIA က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုပြီး အသေးစိတ်အခြေအနေကို မသိရှိရသေးဟု ပြောဆိုသည်။

“ဟုတ်တယ် ။ ရှော့တိုက်ဒုံးနဲ့ သွားပစ်တာ မှန်ပါတယ်။ နမ့်ပေါင်လေတပ်စခန်းကို ပစ်တာပါ။ ဘာတွေ ထိခိုက်လဲဆိုတာတော့ မသိရသေးပါဘူး” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။

တပ်သတင်းရင်းမြစ်ကမူ မြစ်ကြီးနားလေတပ်စခန်းကို မကြာခဏဆိုသလို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရသည့်အတွက် လေယာဉ်ထားရှိမှုနှင့် လက်နက်ခဲယမ်းထားရှိသည့် ပုံစံများကို ပြောင်းလဲထားပြီး လေယာဉ်ဆီသိုလှောင်မှုများကိုလည်း ပုံစံပြောင်းလဲထားသည်ဟု သိရှိထားကြောင်း ပြောဆိုသည်။

“ရှော့တိုက်ဒုံးက အတော်ဝေးဝေးကနေ ပစ်တော့ လာနိုင်တဲ့ လမ်းကြောင်းတွေ တွက်ပြီး လေယာဉ်၊ ခဲယမ်းနဲ့ လေယာဉ်ဆီ ထားတဲ့နေရာတွေ အပြောင်းအရွေ့ အထားအသိုတွေက ပြောင်းလဲထားပြီလို့ သိရတယ်” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

မြစ်ကြီးနားလေတပ်စခန်းကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ၊ ၂၀၂၄ ခုနှစ် မတ်လ၊ ၂၀၂၄ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တို့တွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- KIA နှင့် PDF တပ်ဖွဲ့ဝင်တချို့၏ ရှော့တိုက်ဒုံးပစ်ခတ်မှုမြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top