အော်တိုတောင်စခန်းကလွဲ၍ ထန်တလန် – ဟားခါးအကြား စစ်ကောင်စီ ကင်းစင်ပြီ

ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့နှင့် အနီးဆုံးတွင် တည်ရှိသည့် ထန်တလန်မြို့၏ အပေါ်နားဘက်က စိုးမိုးကုန်းလို နေရာယူထားသော အော်တိုတောင်စခန်းကုန်းတခုကလွဲ၍ ထန်တလန် – ဟားခါးအကြား စစ်ကောင်စီတပ်စခန်းများကင်းစင်သွားပြီဟု ချင်းအမျိုးသားတပ်မတော်(CNA) ထံမှ သိရသည်။

ထန်တလန် – ဟားခါးမြိုအကြားရှိ စစ်ရေးအရ အရေးပါသည့် C3 စခန်းကုန်းကို ချင်းအမျိုးသားတပ်မတော်နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ (ဒီဇင်ဘာလ ၄ ရက်) ညနေပိုင်းက ထိန်းချုပ်ခဲ့ပြီးနောက် အော်တိုတောင်စခန်းတခုသာ ထီးထီးကြီး ကျန်ရှိနေခြင်း ဖြစ်သည်။

“C3 တပ်စခန်းကို သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်စခန်းက အော်တိုတောင်စခန်း တခုပဲ ကျန်တော့တာ ဖြစ်တယ်” ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

စစ်ရေးနားလည်သူများ၏ အဆိုအရ အော်တိုတောင်စခန်းကုန်းကို စစ်ကောင်စီ ထပ်မံလက်လွှတ်ရပါက ၂၂ မိုင်ခန့်ဝေးသည့် ထန်တလန်နှင့် ဟားခါးကြားမှာ စစ်ကောင်စီတပ်ဘက်က မြေပြင်စစ်ကူများ ပေးပို့ရန် ခက်ခဲသွားနိုင်ပြီး ချင်းတပ်ဖွဲ့များ ထန်တလန်မြို့ကို သိမ်းပိုက်ရရှိရန် ပိုနီးစပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်ရေးအရ အရေးပါသည့် အော်တိုတောင်ကုန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ကူနှင့် မြေပြင်စစ်ကြောင်းများဖြင့် တန်ပြန်ထိုးစစ်ဆင်လာသဖြင့် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ပြန်လက်လွှတ်ခဲ့ရသည်။

နိုဝင်ဘာလ၂၂ရက်နေ့မှ စတင်ပြီး ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရတပ်ဖွဲ့များသည် “Jericho” – (ယေရိခေါ -ခရစ်ယာန်ကျမ်းစာတွင်ပါသည့်မြို့နာမည်) စစ်ဆင်ရေး စတင်ခဲ့ရာ ထန်တလန် – ဟားခါးမြို့နယ်အကြားရှိ Ruavazung ၊ သီးမြစ်ချောင်း တံတားစောင့်စခန်း၊ ပွိုင့် – ၃ စခန်း၊ Umpu Puakna၊ Nunthluak bo စခန်းနှင့် ယခု C3 စခန်းတို့ကို သိမ်းပိုက်ရရှိထားသည်။

အဆိုပါစခန်းများသည် နှစ်ဖက်စလုံးအတွက် စစ်ရေးအရ အရေးပါကြောင်း CNA‌ပြောခွင့်ရသူ ဆလိုင်း ထက်နီက ဆက်ပြောသည်။

“ထန်တလန်က ကျနော်တို့ ဌာနချုပ်နဲ့နီးတယ်၊ ဟားခါးကနေ လွတ်လွတ်လပ်လပ်နဲ့ စစ်ကူလာနိုင်နေတာ ကျနော်တို့အတွက်အန္တရာယ်ရှိတယ်” ဟု ၎င်းက ဆိုသည်။

ထန်တလန်မြို့တွင်း ရဲစခန်းနှင့် NLD ရုံး တို့တွင် စစ်ကောင်စီတပ်သားများ တပ်စွဲလျက်ရှိပြီး ချင်းတပ်ဖွဲ့များနှင့် စစ်ရေးတင်းမာနေကာ နှစ်ဖက်စောင့် ကြည့်နေသည့် အနေထားတွင်ရှိကြောင်း သိရသည်။

ချင်းပြည်နယ်၏ အခြားမြို့များဖြစ်သော ဖလမ်းနှင့် မင်းတပ်မြို့များကိုလည်း ချင်းညီနောင်အဖွဲ့နှင့် မဟာမိတ်များက မြို့သိမ်းတိုက်ပွဲများဆင်နွှဲလျက်ရှိရာ မြို့မကျ ရေးအတွက် စစ်ကောင်စီတပ်က လေကြောင်းမှ အပြင်းအထန်ခုခံ တိုက်ခိုက်နေသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top