C 3 စခန်းတောင်ကုန်းကို ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိ

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ စစ်တပ်၏ C 3 စခန်းတောင်ကုန်းကို ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး ထွက်ပြေးသွား

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်း ဟားခါးမြို့နှင့်ထန်တလန်မြို့အကြား စစ်တပ်၏ C 3 စစ်စခန်းတောင်ကုန်းကို ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး ထွက်ပြေးသွားကြောင်း CNA သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်နေ့ အဆိုပါ စစ်ကောင်စီတပ်၏ C3 တောင်ကုန်းစခန်းကို သိမ်းပိုက်ရရှိခြင်းဖြစ်ပြီး ယင်းစခန်းသည် စစ်ရေးအရ အရေးပါကြောင်း၊ ဗျူဟာကျသည့်တပ်စခန်းကုန်းတစ်ခုဖြစ်ပြီး ယင်းစခန်းတွင် စစ်ကောင်စီတပ်၏ အင်အား ၃၀ ဝန်းကျင် တပ်စွဲထားကြောင်း၊ ချင်းပြည်အစိုးရတပ်များက ဝင်ရောက်လာချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး ထွက်ပြေးသွားကြကြောင်း သိရှိရသည်။

“အော်တိုတောင်ကုန်းဆိုတာ ရှိတယ်။ အဲဒီ စခန်းကုန်းကို C3 တောင်ကုန်းက စစ်ခွေးတွေအကုန်လုံးသွားပေါင်းတယ်။ အင်အား ၃၀ လောက်ရှိတယ်။ အရမ်းကြီး တိုက်ပွဲ ပြင်းပြင်းထန်ထန် မဖြစ်လိုက်ဘူး။ အကုန်ထွက်ပြေးသွားကြတာ။ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိတာရှိပါတယ်” ဟု CNA သတင်းရင်းမြစ်က ပြောဆိုသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့အတွင်း ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် ထန်တလန်မြို့အကြားရှိ စစ်ကောင်စီတပ်၏ စခန်း ၅ ခုကို ချင်းပြည်အစိုးရတပ်ဖွဲ့များက သိမ်းပိုက်ရရှိထားပြီး စစ်တပ်ဘက်မှ တပ်ရင်းမှူး ၃ ဦး အပါအဝင် ၃၀ ဦးကျော်သေဆုံးကာ လက်နက်ခဲယမ်း ၆၀ နီးပါး သိမ်းဆည်းရရှိထားကြောင်း၊ စစ်သုံ့ပန်း ၁၉ ဦးကိုလည်း ဖမ်းဆီးရရှိထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နေ့ C3 တပ်စခန်းမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းတချို့။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top