လက်နက်မချသော စစ်သားဗိုလ်ကြီးအပါ ၇ ဦးသေဆုံး
မတ္တရာမြို့နယ်က တိုက်ပွဲတစ်ခုမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ရဲ့ ရဲဘော်တွေက စစ်သုံ့ပန်းတွေကို လက်ဆွဲနှုတ်ဆက်ဖို့ ချော့မော့ခေါ်ယူခဲ့ပါတယ်။
ဒီဇင်ဘာ ၂ ရက် ညပိုင်းက မန္တလေး PDF ထိန်းချုပ်စိုးမိုးထားတဲ့ မတ္တရာမြို့နယ် အရှေ့ဘက်ခြမ်းက မြို့ကုန်းကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပါတယ်။
ဒီဇင်ဘာ ၃ ရက်မှာလည်း စစ်ကောင်စီ စစ်ကြောင်းနဲ့ မန္တလေး PDFတို့ တနေကုန်နီးပါး ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ အဆောက်အအုံတခုထဲနဲ့ စပါးပုံဘေးမှာပုန်းအောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို မန္တလေး PDF ရဲဘော်တွေက ချော့ခေါ်ခဲ့တာပါ။
“လာလာလာ မင်းမသတ်ဘူးလာ။”လို့ ရဲဘော်တစ်ယောက်က ပြောတယ်။
နောက်ရဲဘော်တစ်ယောက်ကလည်း “မသတ်ဘူး။ မသတ်ဘူး။ ညီကိုတွေ ညီကိုတွေ။လက်ဆွဲနှုတ်ဆက်မယ်နော့။”လို့ ပေါ့ပေါ့းပါးပါးရင်းရင်းနှီးနှီး လှမ်းအော်တယ်။ သူကပဲ ဆက်ပြောတယ်။ “လက်မဆွဲရင် ပစ်မှာနော့။”တဲ့။
“ရန်သူတွေမဟုတ်ဘူးနော်။ ရန်သူတွေမဟုတ်ဘူးနော် ညီကိုတွေနော်။”လို့ အခြားရဲဘော်တစ်ယောက်က ထပ်အော်တယ်။
ပစ်ခတ်သံတွေကြားကပဲ အခြားရဲဘော်တစ်ဦးကလည်း “မင်းတို့ကိုတိုက်နေတာမဟုတ်ဘူး။ အာဏာရှင်စနစ်ကိုတိုက်နေတာ။”လို့ ရဲဘော်တစ်ယောက်က အော်ပြောတယ်။
“ဘာမှမလုပ်ဘူး လက်ဆွဲနှုတ်ဆက်မှာညီကိုတွေ။”လို့ ရဲဘော်တစ်ယောက်က ထပ်ပြောတယ်။
ရဲဘော်တွေရဲ့ လက်ဆွဲနှုတ်ဆက်ဖို့ အခါခါဖိတ်ခေါ်သံကြောင့် စစ်သားတစ်ဦးဟာ လက်နက်ချပြီး ထွက်လာခဲ့ပါတော့တယ်။
ထွက်လာတဲ့စစ်သားတစ်ဦးကို “ခင်ဗျားကို လက်နက်ချပြီး ဘာမှမလုပ်ဘူး။ အာမခံတယ်။”လို့ ရဲဘော်တစ်ဦးက ပြောတယ်။
အခြားရဲဘော်တစ်ဦးကလည်း “လက်နက်ချပြီးသားလူကို လုံးဝလက်ဖျားနဲ့တောင်မထိဘူး။”လို့ ကတိပေးတယ်။
ဒါပေမယ့် စစ်တပ်ကဗိုလ်ကြီးတစ်ဦးအပါအဝင် ကျန်နေတဲ့စစ်သားတွေဟာ ထွက်လာပြီးလက်နက်မချတဲ့အတွက် သေဆုံးခဲ့ပါတယ် ။
အဲဒီနေ့က စစ်သား ၇ ဦးခန့်သေဆုံးကာ စစ်သုံ့ပန်းနဲ့ ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မန္တလေး PDFက အသိပေးထုတ်ပြန်ပါတယ်။
ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားတယ်လို့ မန္တလေး PDFက ဒီကနေ့(ဒီဇင်ဘာ ၄ ရက်)မှာ သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း စစ်သုံ့ပန်း တစ်ဦးနဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ပြီး စစ်သားအလောင်း(၇)လောင်းခန့်လည်း သိမ်းဆည်းရမိခဲ့တယ်လို့ မန္တလေး PDFက အသိပေးပါတယ်။
“ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ဘက်မှာလည်း ထိခိုက်မှုအချို့ရှိပါတယ်။ စစ်ကြောင်းက မတ္တရာကထွက်လာတဲ့ အင်အား(၈ဝ)ပါ စစ်ကြောင်းဖြစ်ပါတယ်။မတ္တရာမြို့ဘက်ကို ပြန်ပြီးဆုတ်ခွာသွားပါတယ်။”လို့ မန္တလေး PDFရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောပါတယ်။
ဒီဇင်ဘာ ၃ရက်တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့များဘက်ကလည်း ထိခိုက်မှုရှိခဲ့တယ်လို့ လူထုနွေဦးရဲ့ အခြားသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နဲ့ စစ်ကောင်စီတပ်များအကြား မတ္တရာမြို့နယ်အပြင် သပိတ်ကျင်းနဲ့ နောင်ချိုမြို့နယ်တွေမှာလည်း တိုက်ပွဲများ နေ့စဥ် ဖြစ်ပွားနေတယ်လို့ မန္တလေး PDFက ထပ်မံအသိပေးပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ တတိယပတ်အတွင်းက မတ္တရာမြို့နယ်အနောက်ခြမ်းမှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပါသေးတယ်။ စစ်ကောင်စီတပ်က အထိနာလို့ လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုးလာခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့များ ယာယီဆုတ်ခွာပေးခဲ့တာပါ။
စစ်ကောင်စီဟာ ၎င်းတို့ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ တပ်စခန်းများနဲ့ နယ်မြေများကို ပြန်လည်ရရှိဖို့ကြိုးစားနေပေမယ့် အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ မန္တလေး PDFက အသိပေးထားပါတယ်။
မန္တလေး PDFဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ရက်ကလည်း မတ္တရာ၊ သပိတ်ကျင်းနဲ့နောင်ချိုမြို့နယ်တို့က တိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။
Leave a Reply