ထီးလင်းမြို့ပေါ်ရှိ စစ်တပ် ထိန်းချုပ်ထားသော နေရာများတွင် တိုက်ပွဲအရှိန်မြှင့်တင်မည်

ထီးလင်းမြို့ပေါ်ရှိ စစ်တပ် ထိန်းချုပ်ထားသော နေရာများတွင် တိုက်ပွဲအရှိန်မြှင့်တင်မည်ဖြစ်၍ မြို့ပေါ်နေ ပြည်သူအားလုံး ထွက်ခွာပေးရန် ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေး

မကွေးတိုင်း၊ ထီးလင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် ထိန်းချုပ်ထားသော နေရာများတွင် တိုက်ပွဲအရှိန်မြှင့်တင်မည်ဖြစ်၍ မြို့ပေါ်နေ ပြည်သူအားလုံး ထွက်ခွာပေးရန် မေတ္တာရပ်ခံကြောင်း ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထီးလင်းမြို့ပေါ်တွင် နေထိုင်လျက်ရှိသော အရပ်သားပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ အခြေစိုက် နယ်မြေဖြစ်သော ထီးလင်းမြို့ကို စွန့်ခွာ၍ အမျိုးသား ညီညွတ်ရေးအစိုးရ၏ စိုးမိုးနယ်မြေများကို လာရောက် ခိုလှုံကြပါရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူများ၊ ပအဖ ၊ ပကဖ များ၊ တပ်ရင်းတပ်ဖွဲ့များ အနေဖြင့် စစ်ကောင်စီ အခြေစိုက်ထားသော ထီးလင်းမြို့ပေါ်တွင် နေထိုင်သူများ အားလုံးကို နွေးထွေးစွာ ကြိုဆိုလျက်ရှိပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားကာ ထီးလင်းမြို့ပေါ်မှ ထွက်ခွာကြရန် အသိပေးထားသည်။

အဆိုပါ ထုတ်ပြန်ချက်သည် အထူး သတိပေး ထုတ်ပြန်ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ တပ်သားများ နှင့် ပျူစောထီးများ အားလုံးလည်း အမြန်ဆုံး ပြည်သူ့ရင်ခွင်သို့ အလင်းဝင်ရောက်ကြရန် ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုထားသည်။

“ဒီဇင်ဘာလကုန်ရင်တော့ ပြည်သူတွေကော အကုန်လုံးပေါ့လေ မြို့ပေါ်တိုက်ပွဲလည်းနီးလာတဲ့ အချိန်မှာ တိုက်ပွဲတွေ ဖြစ်လာရင် ပြည်သူတွေ အထိအခိုက်မရှိအောင်ပေါ့ အဲတာကြောင့် ထုတ်ပြန်တာပါ” ဟု ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်ရေးအရှိန် မြင့်လျက်ရှိပြီး ထီးလင်းမြို့နယ်တွင်လည်း စစ်ဆင်ရေးများ ပိုမို ပြင်းထန်လာမည် ဖြစ်၍ သတ်မှတ်ရက်အတွင်း ထီးလင်းမြို့ပေါ်မှ ထွက်ခွာလာခြင်းမရှိပါက နောက်ဆက်တွဲ ကိစ္စရပ်များကို တာဝန်ယူမည်မဟုတ်ကြောင်းထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *