စစ်တပ်က ကျေးရွာများကို ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရပြီး နေအိမ်များ မီးလောင် ပျက်စီး
မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို ၂ ရက်ဆက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၄ ဦးသေဆုံးခဲ့ကြောင်း ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဒီဇင်ဘာလ ၃ ရက်နေ့တွင် စလင်းမြို့နယ်၊ သစ်ခေါက်တောင်ကျေးရွာကို ဦးတည် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အနီးအနားရှိ ကျေးရွာများကို ၈၁ မမ လက်နက်ကြီး ၁၀ လုံးထက်မနည်း ရမ်းသမ်းပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ၈၁ မမ လက်နက်ကြီး အလုံး ၇၀ ကျော်နှင့် ဒရုန်း ဗုံးသီး ၁၀ လုံးတို့ဖြင့် ၀န်ရရွာ၊ သရက်ကုန်းရွာ၊ ခင်ပလူရွာ ၊ မကျီးကုန်းရွာနှင့် ကံကုန်းရွာတို့ကို ရမ်းသမ်း ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သရက်ကုန်းရွာနှင့် ပိတ်ဆည်ရွာမှ ပြည်သူပိုင် နေအိမ် ၂ လုံးလည်း ဒရုန်းဗုံးသီးထိမှန်ပြီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ထို့သို့ လက်နက်ကြီး၊ ဒရုန်းများဖြင့် ကျေးရွာများကို ဆက်တိုက် ရမ်းသမ်း ပစ်ခတ် တိုက်ခိုက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
“စစ်ခွေး စစ်ကြောင်း မိုင်းသုံးလုံးနဲ့ ဆက်တိုက် တိုးတာ စစ်ခွေး ၄ ကောင်ကတော့ နေရာတင် ပွဲချင်းပြီးသေတယ်။ ဒရုန်း တိုက်ခိုက်မှုကတော့ နေရာအစုံကို လိုက်ချခဲ့တာ အဲတိုက်ခိုက်မှုကတော့ စစ်ခွေး ၁၀ ကောင်ထက်မနည်း သေတယ်” ဟု ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့၊ မကွေးတိုင်း ဒရုန်းအဖွဲ့၊ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း ဒရုန်းတပ်ခွဲ၊ မင်းဘူးခရိုင် အမှတ်၅ တပ်ရင်း ဒရုန်းတပ်ခွဲ ၊ မိုးကြိုးပြောက်ကျား အဖွဲ့နှင့် မင်းဘူးခရိုင် ပကဖ စလင်းမြို့နယ် ပကဖ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
Leave a Reply