တော်လှန်ရေးအဖွဲ့များ ရန်သူနှစ်ဦးကို ခေါင်းဖြတ်မှုများ ပေါ်ပေါက်လာရာ မကွေးတိုင်းတွင် အမှုကို ထောင်ဒဏ် စီရင်လိုက်ပြီး မွန်ပြည်နယ်တွင် NUG လက်အောက်ခံအဖွဲ့၏ အမှုကိုစစ်ရန် ခုံရုံးဖွဲ့ထားသည်ဟု သိရသည်။
လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တချို့က သုံ့ပန်းကို ခေါင်းဖြတ်သတ်မှု ၂ ခု ရုပ်သံမှတ်တမ်းများ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထွက်ပေါ်လာရာ ထိုကဲ့သို့ သတ်ဖြတ်မှုအတွက် ၎င်းတို့၏ အဖွဲ့အစည်းများ အတွင်း အရေးယူဆောင်ရွက်နေကြသည်ဟု သိရသည်။
မကွေးတိုင်းအတွင်း ပေါ်ပေါက်ခဲ့သော အမှုအတွက် ကျူးလွန်သူ ၄ ဦးကို တပ်တွင်း အရေးယူမှု ပြုလုပ်ပြီးဖြစ်ကြောင်း ဗိဿနိုးပြည်သူ့ကာကွယ်ရေး တပ်မတော်က ဒီဇင်ဘာ ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာထားသည်။ ထိုအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မဟုတ်ပေ။
မွန်ပြည်နယ်တွင် ပေါ်ပေါက်ခဲ့သော နောက်ထပ်အမှုမှာ NUG လက်အောက်ခံ တပ်ဖွဲ့က ကျူးလွန်ခြင်း ဖြစ်သည်ဟု သိရသည်။
ရေးဘီလူးတပ်ဖွဲ့ဟု ထင်ရှားသည့် တပ်ခွဲတစ်ခု၏ ခေါင်းဆောင်က အမျိုးသားတစ်ဦးကို ဦးခေါင်းဖြတ်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အရေးယူရန် စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းဆောင်ရွက်နေသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) ဒုအတွင်းဝန်က ဦးမောင်မောင်ဆွေက ပြောသည်။
“သိသိရချင်းမှာကိုပဲ စတင်ပြီးတော့ အရေးယူဆောင်ရွက်မှုတွေကို လုပ်ပါတယ်။ ကနဦး အရေးယူ ဆောင်ရွက်မှုတွေအနေနဲ့ စုံစမ်းစစ်ဆေးရေး ခုံရုံးကို အခုလက်ရှိ စစ်ရုံးချုပ်ဘက်ကနေ ဖွဲ့စည်းနေပါပြီ။ ဖွဲ့စည်းပြီးတော့ စုံစမ်း စစ်ဆေးရေးခုံရုံးကနေ ကနဦး စစ်ဆေးသွားဖို့ ရှိလိမ့်မယ်”ဟု ဦးမောင်မောင်ဆွေက ဒီဇင်ဘာ ၅ ရက်နေ့ နေ့လယ်က ပြောသည်။
ခုံရုံးအဖွဲ့၏ တွေ့ရှိချက်အပေါ်မူတည်ပြီး ဆက်လက် အရေးယူမည်ဟု ဦးမောင်မောင်ဆွေက ဆိုသည်။
သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကလည်း အမှုနှင့် ပတ်သက်ပြီး ဥပဒေအတိုင်း စစ်ဆေး အရေးယူမည်ဟု ပြောသည်။
“တရားဥပဒေပြင်ပကနေ တရားမဲ့လုပ်တာမျိုးဆိုရင်တော့ ကျွန်တော်တို့အမျိုးသားညီညွတ်ရေး အစိုးရ အဖွဲ့အနေနဲ့ကတော့ ကျောသား၊ ရင်သားခွဲခြားမှုမရှိ တရားဥပဒေအတိုင်း စုံစမ်းစစ်ဆေးအရေးယူသွား မယ်” ဟု ဦးကျော်ဇော်က ဆိုသည်။
NUG/MOD အလံအမှတ်တံဆိပ်ပါ ကျည်ကာအင်္ကျီ ဝတ်ဆင်ထားပြီး ဦးထုပ် နောက်ပြန်ဆောင်းထားသည့် ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အမျိုးသားတစ်ဦး၏ ဦးခေါင်းကို ဓားနှင့် ခုတ်ဖြတ်နေသည့် စက္ကန့် ၂၀ နီးပါးကြာ ဗီဒီယိုဖိုင်မှာ အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာတွင် ဒီဇင်ဘာ ၃ ရက်နေ့က စပြီး ပျံ့နှံ့လာသည်။
“ငါ့မိဘတွေပြေးနေရတယ်၊ ခုချိန်ထိ”၊ “ကမ္ဘာဆုံးထိပဲ မင်းတို့ကောင်တွေ” ဟု ပြောဆိုကာ ဓားဖြင့် ခုတ်နေ သည်။
ပြတ်တောက်ပြီး လိမ့်ဆင်းသွားသည့် ဦးခေါင်းကို အနီးရှိ လက်နက်ကိုင်အဖွဲ့ဝင်တစ်ဦးက ကောက်ယူ မြှောက်ပြလိုက်ပြီး ဦးခေါင်းမဲ့ခန္ဓာကိုယ်ပေါ်တွင် တင်လိုက်သည်ကို အဆိုပါရုပ်သံတွင် တွေ့မြင်ရ သည်။
ရုပ်သံတွင် ပါဝင်သည့် ဖြစ်စဉ်သည် ၂၀၂၄ ဇွန်လကုန်ဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း၊ သတ်ဖြတ်ခံရသူမှာ ပျူစောထီး (ပြည်သူ့စစ်) အဖွဲ့ဝင် ဦးခေါင်းဖြူ ခေါ် မင်းဇံ ဖြစ်ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) က အတည် ပြုသည်။
“အခုကတော့ ဖြစ်စဥ်ကို အရင်မေးမြန်းစိစစ်နေတဲ့အဆင့်ပဲရှိပါတယ်။ ဖြစ်စဥ်ကို အဖြစ်မှန် အသေးစိတ် သိပြီဆိုမှ ကွပ်ကဲမှုအဆင့်ဆင့်ကို တင်ပြပြီး နောက်ဆက်တွဲ အရေးယူမှု ကိစ္စက အထက် ညွှန်ကြားတဲ့အတိုင်း လိုက်ပါဆောင်ရွက်ရမှာပါ” ဟု SOF တာဝန်ခံ ကိုအောင်စံရှားက ဒီဇင်ဘာ ၅ ရက်နေ့ ညနေတွင် ပြောသည်။
“လောလောဆယ်တော့ အခြေအနေ အသေးစိတ် ပြောဖို့ခက်နေပါသေးတယ်။ ဘယ်အရာမဆို လုပ်ထုံးလုပ်နည်း စည်းကမ်းဥပဒေဘောင်ထဲ ကပဲ ဆောင်ရွက်သွားမှာပါ”
ရေးမြို့နယ်၊ ကွန်ဒူးရွာမှ ပျူစောထီး (ပြည်သူ့စစ်)ခေါင်းဆောင် ဦးမင်းဇံ ခေါ် ဦးခေါင်းဖြူကို လက်ပစ်ဗုံး ၂ လုံး၊ လက်ထိပ်တစ်ခု နှင့်အတူ ဇွန် ၃၀ ရက် နေ့ ညနေပိုင်းတွင် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမေးမြန်းနေပုံ ရုပ်သံမှတ်တမ်းတစ်ခုကို ရေးဘီလူး၏ facebook စာမျက်နှာက နောက်တစ်နေ့တွင် တင်ထားသည်။
တစ်မိနစ်နှင့် ၁၅ စက္ကန့်ကြာမြင့်သည့် ရုပ်သံဖိုင်တွင် ရေးဘီလူးတပ်ဖွဲ့ ခေါင်းဆောင် အသက် ၃၀ ကျော် အရွယ် ထက်လှိုင်ဝင်း (ခ) ရေးဘီလူးက စစ်ဆေး မေးမြန်းစဉ် လက်နောက်ပြန်ကြိုးတုပ်ခံထားရပြီး အနီရောင်အင်္ကျီလက်ရှည်နှင့် အဖြူရောင်အောက်ခံ ပုဆိုးကွက်ကို ဝတ်ဆင်ထားသည့် ဦးမင်းဇံက ယခုတစ်ကြိမ်ခွင့်လွှတ်ပေးရန် တောင်းပန်နေသည်ကို တွေ့ရသည်။
ဦးခေါင်းဖြတ်မှု ရုပ်သံမှတ်တမ်းတွင်လည်း အသတ်ခံရသူ အမျိုးသားမှာ အလားတူ ဝတ်ဆင်ထားပြီး ဦးမင်းဇံနှင့် မျက်နှာသွင်ပြင်ဆင်တူသည်ကို တွေ့ရသည်။
ရေးဘီလူးအဖွဲ့သည်၂၀၂၂ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အခြေစိုက် ဖွဲ့စည်းခဲ့ ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် NUG/MOD တောင်ပိုင်းစစ်ဒေသကွပ်ကွဲမှုအောက်ရှိ အထူးစစ်ဆင် ရေးတပ်ဖွဲ့(Special Opeartion Force-SOF) ၏ တပ်ခွဲတစ်ခုဖြစ်လာသည်။
ရေးဘီလူးအဖွဲ့သည် မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက်ကာ စစ်ကောင်စီပစ်မှတ်များ၊ စစ်ကောင်စီ လက် အောက်ခံ ရုံးများကို ပစ်ခတ်တိုက်ခိုက်လေ့ရှိပြီးနောက် လူသိများလာသောအဖွဲ့ဖြစ်သည်။ ရေးအခြေစိုက် မွန်ဒေသတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းတိုက်ခိုက်မှုများလည်း ရှိသည်။
၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးရုံး (လဝက) ကို ဝင်ရောက်ပစ်ခတ်ရာ ဦးစီးမှူး အပါအဝင် ၅ ဦး သေဆုံးခဲ့သည်။
လူမဆန်စွာ သတ်ဖြတ်မှုများ
ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး လူ့အခွင့်အရေးအရဖြစ်စေ၊ စစ်သည်ကျင့်ဝတ်အရဖြစ်စေ မလုပ်သင့်သည့် ကိစ္စဖြစ်ပြီး ထိုလုပ်ရပ်အပေါ် ရှုတ်ချကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက မှတ်ချက် ပြုသည်။
“ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှု တွေအမြန်ဆုံးပြုလုပ်ပြီးတော့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပေါ်ပေါက်လာဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနကို အကြံပြုထားပါတယ်။ ဒါ့အပြင် ပေါ်ပေါက်လာဖို့ အတွက်လည်း လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ ကြိုးပမ်းလုပ်ဆောင်သွားပါမယ်”ဟု ဦးအောင်မျိုးမင်း က ပြောသည်။
MOD က ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က ထုတ်ပြန်ထားသည့် အကျဉ်းသား ထိန်းသိမ်းရေးဆိုင်ရာ လမ်းညွှန်ချက်တွင် သုံ့ပန်းနှင့် စစ်အကျဉ်းသားများကို လူသားဆန်စွာ ပြုမူဆက်ဆံရန်၊ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းခြင်း၊ ခြိမ်းခြောက်ခြင်းများမလုပ်ရန် ပြဋ္ဌာန်းထားသည်။
အာဏာသိမ်းစစ်တပ်သည် ဖမ်းဆီးရမိသည့်တော်လှန်ရေးသမားသာမက ပြည်သူများကိုပါ ရက်ရက် စက်စက် သတ်ဖြတ်ကာ ဦးခေါင်း၊ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ခုတ်ထစ်လေ့ရှိသည်။
ပြီးခဲ့သည့် သီတင်းကျွတ်လပြည့်နေ့က စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် စီပါရွာကို ဝင်ရောက်စီးနင်းခဲ့ သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖမ်းဆီးရမိသူတို့ကို သက်ကြီး ရွယ်အိုပါမချန် ဦးခေါင်းနှင့် ကိုယ်လက်အင်္ဂါများဖြတ်တောက်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
လက်နက်အားကိုးဖြင့် အာဏာသိမ်းသည့် စစ်တပ်၏ လုပ်ရပ်ကို လက်မခံနိုင်သဖြင့် တော်လှန်နေကြ သည့် တော်လှန်ရေးအဖွဲ့များအနေဖြင့် စစ်တပ်ကဲ့သို့ အလားတူ ပြုမူနေခြင်းကို လက်မခံနိုင်ကြောင်း တော်လှန်ရေးအင်အားစုအချို့က ထောက်ပြသည်။
“ယုတ်ညံ့အောက်တန်းကျနေတဲ့ အဓမ္မဝါဒ စစ်ကောင်စီတွေကို ကျုပ်တို့က တော်လှန်တိုက်ခိုက်နေကြတာ ဖြစ်တယ်။ အဓမ္မဝါဒ စစ်ကောင်စီလုပ်နည်းလုပ်ဟန်တွေနဲ့ ထပ်တူကျတဲ့ လုပ်ရိုးလုပ်စဉ်တွေ လုပ်ပုံတွေကို မလိုလားဘူး။ မလုပ်သင့်ဘူး”ဟု NUG လက်အောက်ခံ ရွှေဘိုခရိုင် PDF တပ်ရင်းတစ်ခုမှ တပ်ဖွဲ့ဝင်တစ်ဦး က ပြောသည်။
“စစ်ကောင်စီဘက်က ယုတ်မာသလို ကျွန်တော်တို့ဘက်က လိုက်ပြီး ယုတ်မာမယ်ဆိုရင် စစ်ကောင်စီ နဲ့ တစ်တန်းတစ်စားတည်းဖြစ်သွားမယ်”ဟု ၎င်းက ဆိုသည်။
နေပြည်တော်အနီး သတ်ဖြတ်မှု
နိုဝင်ဘာ ၂၉ ရက်နေ့က နေပြည်တော် – ကံပြားလမ်းပိုင်းတွင် ပြည်သူ့စစ်ခေါင်းဆောင် မင်းမင်းကို ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်အဖွဲ့ဝင်များက သတ်ဖြတ်ခဲ့သည်။
သေဆုံးပြီးနောက် ဦးခေါင်းကို ဖြတ်ယူကာ ဦးခေါင်းပြတ်ကို ခြေထောက်နှင့် ဝိုင်းဝန်း ကန်ကျောက်ကာ လှောင်ပြောင်ပြောဆိုနေသည့် ရုပ်သံဖိုင်ကို အွန်လိုင်းလူမှုကွန်ရက်တွင် တင်ခဲ့ကြသည်။
ထိုလုပ်ရပ်နှင့်ပတ်သက်ပြီး တပ်ဖွဲ့ဝင် ၄ ဦးကို နိိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ၊ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေ ချိုးဖောက်မှုတို့ဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို ၄ ဦးကို အရေးယူခြင်းမှာ သတ်ဖြတ်မှုကြောင့် မဟုတ်ကြောင်း၊ သတ်ဖြတ်မှုအပြီး နောက်ဆက်တွဲလုပ်ရပ်ကြောင့် အရေးယူခြင်း ဖြစ်ကြောင်း ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် ဥက္ကဋ္ဌ ကိုကျီးကန်းက ပြောသည်။
“ရှင်းလင်းတဲ့အတွက် အပြစ် ပေးတာ မဟုတ်ပါဘူး” ဟု သူက ပြောသည်။
ဗိဿနိုးပြည်သူ့ကာကွယ်ရေး တပ်မတော်သည် ကြိုးကြာနီတပ်ရင်း၊ ကျားသစ်နက်တပ်ရင်းနှင့် BO 1 တပ်ရင်းတို့ကို ဖွဲ့စည်းထားပြီး တောင်တွင်းကြီး၊ နတ်မောက်၊ မြို့သစ်မြို့နယ်တို့တွင် စစ်ရေးလှုပ်ရှား နေသည့် အဖွဲ့ဖြစ်သည်။
ယခင်က မကွေးတိုင်း အရှေ့ခြမ်းတွင် လှုပ်ရှားရန် ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေး တပ်မတော် အမည်ဖြင့် ဖွဲ့စည်းခဲ့ပြီး NUG အစိုးရနှင့် ပူးပေါင်းခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်ထွက်လိုက်ပြီးနောက် သီးခြားရပ်တည်လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့ဖြစ်သည်။
မြေပြင်စစ်ရေးလှုပ်ရှားမှုများတွင်မူ NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များနှင့် အတူ ပူးပေါင်း လုပ်ဆောင်နေသည်ဟု ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် ဥက္ကဋ္ဌ ကိုကျီးကန်းက ပြောသည်။
စစ်ဗိုလ်ချုပ်များ ရုံးစိုက်ရာ နေပြည်တော်ဝန်းကျင်တွင် ပြည်သူ့စစ်ခေါင်းဆောင် မင်းမင်း သတ်ဖြတ်ခံခဲ့ရသည့် ကိစ္စနှင့်ပတ်သက်ပြီး တုန်လှုပ်နေကြသည့် စစ်တပ်ထောက်ခံသူများက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရန်နှင့် လက်တုံ့ပြန်ရန် စစ်တပ်ကို အွန်လိုင်းလူမှုကွန်ရက်တွင် တောင်းဆိုထားသည်။
အမျိုးသားရေးအစွန်းရောက် မျိုးချစ်ကိုမင်း (ခ) ကိုမင်းမင်းသည် လင်းယုန် လူမှုကူညီရေးအဖွဲ့ ထူထောင်ကာ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့၊ ပျူစောထီး ခေါ် ပြည်သူ့စစ်များကို ထောက်ပံ့ခဲ့သူဖြစ်သည်။
၂၀၂၂ နှစ်ကုန်ပိုင်းက စတင်ပြီး မင်းမင်းသည် မကွေးနှင့် နေပြည်တော်ဝန်းကျင်တွင် စစ်တပ်နှင့် ဆက်သွယ်ကာ သတင်းစုဆောင်း ထောက်လှမ်းသည့်အလုပ်များ လုပ်ခဲ့သည်၊ ၂၀၂၃ ခုနှစ်တွင် လှုပ်ရှားမှုများကို သိသိသာသာ တွေ့လာရသည်ဟု ကိုကျီးကန်းကဆိုသည်။
စစ်ဝတ်စုံဝတ်ဆင်လေ့ရှိပြီး သေနတ်ကိုင်ဆောင်သည့် မင်းမင်းသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အတူတွဲကာ ဧည့်စာရင်းစစ်သလို၊ စစ်ဆေးရေးဂိတ်များတွင် စစ်တပ်နှင့် အတူ ရှိနေတတ်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာရှိ ရုပ်သံ၊ ဓာတ်ပုံများတွင် တွေ့ရသည်။
“ပြည်သူတွေနဲ့တွေ့ရင်တော့ ကျွန်တော်ဟာ အရပ်သား တစ်ယောက်ပါ။ အကြမ်းဖက်တွေနဲ့ တွေ့ရင်တော့ စစ်သားကြီး တစ်ယောက်ပေါ့ဗျာ” ဟု ကိုမင်းမင်းက ရုပ်သံဖိုင်တစ်ခုတွင် ပြောဆိုထားသည်။
ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တပ်ရင်းတစ်ခုဖြစ်သည့် ကြိုးကြာနီတပ်ရင်းမှ တပ်ရင်းမှူးဗိုလ်ကျီးဇိုး နိုဝင်ဘာ ၂၅ ရက်နေ့က ပဲခူးရိုးမတွင် စစ်ကောင်စီ စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ပြီး ပစ်သတ်ခံခဲ့ရသဖြင့် ခံစားချက်ပြင်းထန်နေသည့် တပ်ဖွဲ့ဝင်များက မင်းမင်း၏ ရုပ်အလောင်းမှ ဦးခေါင်းကို ဖြတ်သည့်နည်းဖြင့် တုံ့ပြန်ခဲ့ ခြင်းဖြစ်နိုင်သည်ဟု ကိုကျီးကန်းက ဆိုသည်။
ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းရှိ မကွေး၊ နတ်မောက်၊ တောင်တွင်းကြီးအပါအဝင် မကွေးခရိုင်တွင် တော်လှန်ရေးအင်အားစုမှာ နယ်မြေစိုးမိုးမှု အနည်းငယ် ရှိသည်။
မြစ်အရှေ့ဘက်ခြမ်းတွင် နယ်မြေ ၃၀ ရာခိုင်နှုန်းခန့်ကိုသာ တော်လှန်ရေး အင်အားစုက စိုးမိုးထားနိုင်သည်ဟု ထိုဒေသတွင်စစ်ရေးလှုပ်ရှားသည့် မကွေးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ရာခိုင်နှုန်းအားဖြင့်ကြည့် မယ်ဆိုရင်တော့ တော်တော်နည်းပါသေးတယ်။ ဒီဘက်ခြမ်းမှာ ငွေရေးကြေးရေးရှိရင်တောင်မှ ခဲယမ်းမီးကျောက်က ဝယ်ဖို့မလွယ်ကူတဲ့အနေအထားပေါ့။ အဲ့ဒါကြောင့် ခက်တာပေါ့။ ရာခိုင်နှုန်းအားဖြင့် ၃၀ ရာခိုင်နှုန်းလောက်ပဲရှိပါဦးမယ်” ဟု သူက ပြောသည်။
မြစ်အနောက်ဘက်ခြမ်းသည် ရခိုင်ရိုးမ၊ ချင်းတောင်တို့နှင့် ကပ်လျက် တည်ရှိသဖြင့် တော်လှန်ရေးအင်အားစု လှုပ်ရှားမှုပိုအားကောင်းသည်ဟု သိရသည်။
ပြည်သူ့စစ်ခေါင်းဆောင် ကိုမင်းမင်း သတ်ဖြတ်ခံရမှု ဖြစဉ်အပြီးတွင် စစ်တပ်က မြေပြင် စစ်ကြောင်းထိုးခြင်းမရှိသေးသော်လည်း တောင်တွင်းကြီး၊ နတ်မောက်၊ မြို့သစ်အပါအဝင် မကွေးခရိုင်မှ မြို့နယ်များ၏ အဝင်၊ အထွက်ပေါက်များတွင် စစ်တပ်က ပြည်သူ့စစ်တပ်ဖွဲ့ဝင် အရေအတွက် ပိုမို ချထားသည်ဟု ဒေသတွင်း တော်လှန်ရေးအဖွဲ့များက ပြောသည်။
Leave a Reply