ဗန်းမော်မြို့တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီ၏ ရုံးဌာနများကို KIA က ထိန်းချုပ်

စစ်တပ်၏ ပစ်ခတ်မှုများကြောင့်ပြည်သူ အနည်းဆုံး ၇ ဦးသေဆုံးပြီး မံစီမြို့တွင်လည်း တိုက်ပွဲပြင်းထန်နေ

ကချင်ပြည်နယ်၊ဗန်းမော်မြို့တွင် ယမန်နေ့ စစ်ကောင်စီတပ်များနှင့် KIA ဦးဆောင်သော တော်လှန်ရေးတပ်များအကြား တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် မြို့ထဲရှိ စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးအများစုကို တော်လှန်ရေးတပ်များက ထိန်းချုပ်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၅ နာရီမှစတင်၍ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဗန်းမော်မြို့နှင့် မံစီမြို့သိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့ပြီး ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်နေ့ တစ်ရက်လုံး စစ်ကောင်စီတပ်များနှင့် KIA ပူးပေါင်းမဟာမိတ်တပ်များအကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း၊ ယမန်နေ့ ဗန်းမော်မြို့ထဲတွင်ပါ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး KIA ပူးပေါင်းမဟာမိတ်တပ်များက ဗန်းမော်မြို့တွင်းသို့ ဝင်ရောက်ကာ စစ်ကောင်စီ၏ ဌာနဆိုင်ရာ ရုံးများအားလုံးကို ထိန်းချုပ်ထားပြီဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဗန်းမော်မြို့ထဲသို့ ဦးတည်၍ လက်နက်ကြီးများ ဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ဆောင်ရွက်ခဲ့ရာ အနည်းဆုံးပြည်သူ ၇ ဦး ဦးခန့်သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိထားကြောင်း သိရှိရသည်။

“ဗန်းမော်မြို့ထဲမှာရှိတဲ့ အစိုးရဌာနရုံးအားလုံးကို KIAနဲ့ မဟာမိတ်တွေက ထိန်းချုပ်ထားနိုင်ပြီ။ တိုက်ပွဲ အပြင်းထန်ဆုံးဖြစ်နေတာက အမှတ် ၂၁ တပ် (အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) ၊ မင်းလှတပ်၊ ဗန်းမော်တက္ကသိုလ်ကျောင်းပတ်ဝန်းကျင်နဲ့ ခလရ-၄၇ တပ်ရင်းတွေမှာဖြစ်ပါတယ်။ မြို့ထဲကိုလည်း မဟာမိတ်တပ်တွေ ဝင်လာတော့ တိုက်ပွဲအရမ်း ပြင်းထန်တယ်။ မြို့ထဲမှာ ပြည်သူတွေ ပိတ်မိနေတာလည်းရှိတော့ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာစစ်ခွေးတွေမြို့ထဲလက်နက်ကြီးရမ်းသန်းပစ်ခတ်သဖြင့်ပြည်သူအနည်းဆုံး ၇ ယောက်သေ၊ ၁၀ ယောက်ကျော်ဒဏ်ရာရသွားတယ်” ဟု KIA သတင်းရင်းမြစ်က ရှင်းပြသည်။

လက်ရှိအချိန်အထိ စစ်ကောင်စီ၏ ဗန်းမော်မြို့ပြင်ရှိ ကာကင်းစခန်းအများစုကို သိမ်းပိုက်ထားနိုင်ပြီး တပ်ရင်း၊ ဌာနချုပ်များနှင့် ဗဟိုအချက် အချာကျ စစ်စခန်းများကိုမူ ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် မံစီမြို့ဘက်တွင်လည်း တိုက်ပွဲများပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်၏ ခမရ-၃၁၉၊ ခမရ ၆၀၁ နှင့် အမှတ် ၅၂၃ အ မြောက် တပ် တပ်ရင်း ၃ ခုကိုလည်း တပြိုင်နက်တည်း ၀ိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့ ဗန်းမော်မြို့ ဌာနဆိုင်ရာ စုပေါင်းရုံးတွင် ဗုံးပေါက်ကွဲခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)


Comments

Leave a Reply

Your email address will not be published. Required fields are marked *