မြင်းခြံ၊ သစ်ရုံရွာကို စစ်တပ်က ဝင်ရောက် စီးနင်းစဉ် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံး
စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံးပြီး နေအိမ် ၂၀၀ ခန့်ကို မီးရှို့ဖျက်ဆီး
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ သစ်ရုံရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းစဉ် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံးခဲ့ကြောင်း မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၆ နာရီခန့်တွင် သစ်ရုံရွာကို အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများက ဝင်ရောက် စီးနင်းခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အထိနာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် သစ်ရုံရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦး လက်နက်ကြီး ကျည်စထိမှန်ကာ သေဆုံးခဲ့ပြီး ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကျေးရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၂၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကာ မြင်းခြံမြို့ပေါ်ကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
“သစ်ရုံရွာက အိမ်ခြေ ၂၀၀ လောက် မီးရှို့ခံလိုက်ရတယ်။ စစ်ခွေးတွေက မနက် ၆ နာရီ ကျော်ကျော်လောက် စစ်ကြောင်းထိုး ဝင်ရောက်လာပြီးတော့ ၇ နာရီလောက်ကျတော့ မီးရှို့တယ်။ တော်လှန်ရေး အင်အားစုတွေနဲ့ ထိတွေ့မှု ဖြစ်လိုက်သေးတယ်။ သူတို့ဘက်ကလည်း အထိအခိုက် တော်တော်ရှိသွားတယ်။ တော်လှန်ရေး အင်အားစုတွေဘက်က ရဲဘော် ၂ ဦး ကျတယ်။ ပြီးတော့ သူတို့ကို ပြန်ဆုတ် ပစ်ပြီးတဲ့ အချိန်မှာ သူတို့တွေ လက်နက်ကြီးထုလို့ သစ်ရုံရွာက ပြည်သူ ၃ ဦး သေဆုံးတယ်။ ၁ ဦးတော့ ထိခိုက်ဒဏ်ရာရတယ်။ စစ်ခွေးသေစာရင်းတော့ ခန့်မှန်းလို့မရဘူး။ ထိခိုက်မှုကတော့ တော်တော်များတယ်။ သူတို့ဘက်ကလည်း တော်တော်ပြန်ပစ်တယ်။ ပစ်အားများတယ်။ စစ်ခွေးတွေက လူလိုသိတဲ့ သူတွေမဟုတ်တော့လည်း အိမ်နဲ့ယာနဲ့ မနေဖူးတဲ့ သူတွေဆိုတော့ သူတို့ လုပ်နေကျအလုပ်လုပ်တာပေါ့။ အဓိကက သူတို့ သတ္တိရှိမယ်ဆိုရင် စစ်နဲ့တူအောင်တိုက်ပေါ့” ဟု မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောဆိုသည်။
Leave a Reply