အကြမ်းဖက် မင်းအောင်လှိုင် ပြင်ဦးလွင်သို့ ခိုးကြောင်ခိုးဝှက် ရောက်ရှိပြီး DSAနှင့် DSTA ကျောင်းဆင်းပွဲများ တက်ရောက်
တစ်မြို့လုံး လုံခြုံရေးတင်းကျပ်ထားပြီး ဒရုန်းများနှင့်ပါ ကင်းထောက်နေ
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပြင်ဦးလွင်သို့ ခိုးကြောင် ခိုးဝှက် ရောက်ရှိနေပြီး ကျောင်းဆင်းပွဲများ လုပ်နေပြီး တစ်မြို့လုံး လုံခြုံရေးတင်းကျပ်ထားကာ ဒရုန်းများနှင့်ပါ ကင်းထောက်နေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။
ယခု ဒီဇင်ဘာလဆန်းပိုင်းတွင် ပြုလုပ်သည့် စစ်တက္ကသိုလ် (DSA) နှင့် စစ်နည်းပညာတက္ကသိုလ်(DSTA ) ကျောင်းဆင်းပွဲများ တက်ရောက်ရန် အတွက် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြင်ဦးလွင်သို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း၊ တော်လှန်ရေးတပ်များ၏ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မည်ကို စိုးရိမ်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခံရမည်ကို ပူပန်သဖြင့် ၎င်း၏ ခရီးစဉ်ကို မင်းအောင်လှိုင်က ခိုးကြောင်ခိုးဝှက် လာရောက်ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီသတင်းစာများတွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကျောင်း ဆင်းပွဲ တက်ရောက်သည့် သတင်းများကို မဖော်ပြဘဲ ၎င်း ပြင်ဦးလွင်မှ ပြန် လည်ထွက်ခွာချိန်မှသာ သတင်းပြန်လည်ဖော်ပြမည်ဖြစ်ကြောင်း သိရှိရသည်။
“မြို့တွင်းလမ်းတွေနှင့် DSA ဝင်လမ်းအားလုံးကို လုံခြုံရေးချထားတယ်။ အရင်ကာလတွေထက် လုံခြုံရေးက တင်းကျပ်တယ်။ မမြင်ဖူးတဲ့ စစ်ကားတွေနဲ့ပါ လုံခြုံရေးယူထားတာ။ နေ့ရော ညပါ ဒရုန်း တွေက ပြင်ဦးလွင်မြို့ပေါ်မှာ ပတ်နေတယ်။ အခုဆို မြို့သွားလာရအဆင်မပြေဘူး။ အခုလုံခြုံရေး တင်းကျပ်ထားတဲ့အပြင် လမ်းတွေပါ ပိတ်ထားတော့ လက်လုပ်လက်စား တွေလည်း အ ခက် အခဲဖြစ်ပြီး အလုပ်တွေပါ နားထားရတယ်” ဟု ပြင်ဦးလွင် ဒေသခံသတင်း ရင်းမြစ်က ပြောဆိုသည်။
မင်းအောင်လှိုင် ပြင်ဦးလွင်သို့ ရောက်ရှိနေခြင်းကြောင့် Jammer တပ်ဆင်ထားသော စစ်ကားကြီးများ DSA စစ်တက္ကသိုလ်အနီးနှင့် DSTA အနီးတွင် ရပ်နားထား ကြောင်း၊ ယင်းနေရာများသို့ ရောက်ရှိလျှင် ဖုန်းလိုင်းများ လုံး၀ ပြတ်တောက် သွားကြောင်း သိရှိရသည်။
“DSA နဲ့ DSTA တပ်နားနဲ့ လုံခြုံရေးအထူးချထားတဲ့ နေရာနားရောက်ရင် ဖုန်းလိုင်းမကောင်းဘူး။ လိုင်းကတော့အရင်လိုမဖြတ်ဘူး။ လိုင်းလည်း မကောင်းဘူး” ဟု ပြင်ဦးလွင် ဒေသခံသတင်းရင်းမြစ်က ဆိုသည်။
ယခုနှစ် ဧပြီလ ၁၄ ရက်နေ့ သင်္ကြန်ကာလ အကြမ်းဖက် မင်းအောင်လှိုင် ပြင်ဦးလွင်သို့ ရောက်ရှိနေချိန် တော်လှန်ရေးတပ်များက ရှော့တိုက်ဒုံး အလုံး ၃၀ ထက် မနည်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ၊ ပစ်ခတ်ခံရသည့် ဒုံးဖြင့် ပစ် ခတ်ခံရသည့်ည တွင်းချင်းပင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင် လှိုင်မှာ ရဟတ်ယာဉ်ဖြင့် ပြင်ဦးလွင်မှ နေပြည်တော်သို့ ချက်ချင်းထွက်ပြေးခဲ့ရသည်။
ဓာတ်ပုံ- စစ်တက္ကသိုလ်ကျောင်းဆင်းပွဲတစ်ခုသို့ တက်ရောက်ခဲ့သည့် မင်းအောင်လှိုင်။ (ပုံအဟောင်းဖြစ်ပါသည်။)
Leave a Reply