ဂွ ရွာသစ်ကုန်းယာယီအထိုင်စခန်းကို AA တိုက်ခိုက်သိမ်းပိုက်

(ရွာသားများကို AA ကယ်ထုတ်သွား)

ဂွမြို့ မြောက်ဘက် သံတွဲ- ဂွ ကားလမ်းပေါ်ရှိ ရွာသစ်ကုန်း စစ်ကောင်စီ ယာယီအထိုင်ကုန်းစခန်းကို အာရက္ခတပ်တော်( AA)က ယမန်နေ့ ညနေက အပြင်းအထန် ထိုးစစ်ဆင်ပြီးသိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ရွာသစ်ကုန်းကျေးရွာမှ ဒေသခံပြည်သူများကိုလည်း AA က ကယ်ထုတ်သွားကြောင်း သတင်းရရှိသည်။

“ရွာသစ်ကုန်းက တပ်နောက်ဆုတ်သွားပြီ။ အမြောက်တပ်တွေရော၊ တင့်ကားတွေရော အကုန် နောက်ဆုတ်သွားပြီ။ ရဟိုင်းကွင်းထိ ဆုတ်သွားပုံရတယ်။ ရဟိုင်းကွင်းက ဂွမြို့နဲ့ သိပ်နီးသွားပြီ။ စခန်းကုန်း ရွာက လူတွေကို အေအေက ကယ်ထုတ်သွားတယ်လို့ သိရပါတယ် ”ဟု ပြောသည်။

ရဟိုင်းကူးတို့၊ ရဟိုင်းဖျားကနေ စစ်ကောင်စီတပ်သားတွေ ရဟိုင်းကွင်းကို နောက်ဆုတ်လာကြပြီး စစ်ကောင်စီက မြေပြင်က အမြောက်များဖြင့် ပစ်ခတ်နေကာ လေကြောင်းနှင့်ရေကြောင်းကပါ ပစ်ခတ်တိုက်ခိုက်မှုများကို အပြင်းအထန်ပြုလုပ်နေကြောင်း သိရသည်။

အာရက္ခတပ်တော်သည် အောက်တိုဘာလ ပထမအပတ်က သံတွဲမြို့နှင့် ဂွမြို့အကြားရှိ ကျိန္တလီမြို့အား သိမ်းပိုက်ပြီးနောက် ဂွမြို့ဘက်သို့ ဆက်လက် ချီတက် တိုက်ခိုက်လာရာ ဒီဇင်ဘာ ၇ ရက်နေ့တွင် ဂွမြို့အနီး သုံးမိုင်ခန့်အကွာ ရဟိုင်းကွင်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီသည် ဂွမြို့ လမ်းဆုံလမ်းခွများတွင် တင့်ကားများအား ချထားပြီး မနေ့ည တစ်ညလုံး အမြောက်များဖြင့် ပစ်ခတ်နေကြောင်း ဂွဒေသခံများက ပြောကြားသည်။

“ ဂွမြို့ပေါ်က ကျန်နေတဲ့ လူတွေကို ထွက်ခွာခိုင်းနေတယ်။ မြို့သားတွေကတော့ လူတွေမရှိရင် အိမ်တွေကို ဖောက်မှာစိုးရိမ်နေကြတယ်။ တချိုကတော့ ကြောက်နေကြတယ်။ လူထုကတော့ ဘေးကျပ်နံကျပ်အခြေအနေ”ဟု ပြောဆိုသည်။

ဂွမြို့ပေါ်တွင် ခမရ (၅၆၂) နှင့် (၅၆၃) တပ်ရင်း နှစ်ရင်းသာရှိပြီး အဆိုပါတပ်ရင်းများအား အာရက္ခတပ်တော်က များမကြာမီ ထိုးစစ်ဆင်တိုက်ခိုက်ရန် အခြေအနေရှိနေသည်ဟု ဒေသတွင်း စစ်ရေးလေ့လာနေသူများက ပြောသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *