တပ်ရင်းလိုက် လက်နက်ချခြင်းများ ကြုံနေရသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုက်ခိုက်လိုစိတ်မြင့်မားအောင်တည်ဆောက်ရန်လိုဟုဆို

တိုက်ပွဲများတွင် တပ်ရင်းလိုက် လက်နက်ချမှုများရှိနေသည့် စစ်ကောင်စီတပ်၏ ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ တိုက်လိုခိုက်လိုစိတ်ကို မြင့်မားအောင် တည်ဆောက်သွားကြရန်လိုအပ်ကြောင်းပြောသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ ဒီဇင်ဘာလ ၆ ရက်နေ့က ပြင်ဦးလွင်မြို့တွင် ပြုလုပ်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းဆင်းပွဲတွင် သတိပေးပြောကြားသည်။

“တိုက်လိုခိုက်လိုစိတ် မြင့်မား​စေဖို့အတွက် တပ်မ​တော်ရဲ့စိတ်ဓါတ်​တွေဖြစ်တဲ့ လှေခွက်ချည်းကျန် အလံမလဲသည့် စိတ်ဓာတ်၊ ပေးအပ်တဲ့တာဝန်အပေါ်မှာ တုံးတိုက်တိုက် ကျားကိုက်ကိုက် မဖြစ်မနေ အောင်မြင်အောင်လုပ်မယ်ဆိုတဲ့စိတ်ဓာတ် ဒို့တပ်မတော်ရဲ့ အစဉ်အလာကောင်းတွေကို အသက်နဲ့လဲပြီး စောင့်ထိန်းမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးရရှိအောင် တည်ဆောက်သွားကြဖို့လိုတယ်”ဟု ဆိုသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ယုံကြည်ချက်၊ ခံယူချက်မှန်ပြီး စိတ်ဓာတ်ကောင်းမွန်ရန် အထူးလိုအပ်သည့်အတွက် တပ်ဖွဲ့ဝင်များ စိတ်ဓာတ်ကောင်းမွန်စေရေး လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး ၊ သက်သာချောင်ချိရေးတို့ဖြင့် ဖန်တီးပေးရမည်ဖြစ်သည့်အပြင် မျိုးချစ်စိတ် စသည်တို့ဖြင့် တည်ဆောက်ပေးရမည်ဖြစ်ကြောင်းလည်း စစ်ခေါင်းဆောင်က ဗိုလ်လောင်းများကို မှာကြားသည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စခန်းစွန့်ပြေးခြင်း၊ တပ်ရင်းလိုက်လက်နက်ချခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များဘက်သို့ ဘက်ပြောင်းခိုလှုံမှုများကို စစ်ကောင်စီတပ်က ကြုံတွေ့နေရခြင်းဖြစ်သည်။

အချို့​နေရာများတွင် စစ်​ကောင်စီ တပ်ဖွဲ့ဝင်များအ​နေဖြင့် နယ်စပ်ကတဆင့် တဖက်နိုင်ငံထဲသို့ပင် ထွက်​ပြေးခိုလှုံမှုများရှိသည်။

“ခိုး​ကြောင်ခိုးဝှက်လျှို့ဝှက်ပြီး ​ပြောသွားတဲ့မိန့်ခွန်းပါ။ ​ပြောချင်တဲ့ အဓိပ္ပါယ်က​တော့သူ့စစ်တပ်ကို အား​ဆေးတင်​ပေး​နေတာ​ပေါ့။ အဲ့ဒီမှာ အ​ရေးကြီးဆုံးက ဘာလဲဆို​တော့ သူ့စစ်တပ်က ပြန်ပြီး နာလံမထူနိုင်​အောင် တိုက်တိုင်းရှုံးတပ်ကြီးဖြစ်​နေတာ​ပေါ့။ အဲ့တာ အဓိကအားဖြင့် ညီညွတ်မှုမရှိလို့ အဲ့တာ​ကြောင့် ညီညွတ်မှုရှိ​အောင် ယုံကြည်မှုတည်​ဆောက်ကြ ​ဘေးဘီက ​လျှောက်ပြီး​တော့​ပြော​နေတဲ့ သတင်းပုလင်း​တွေ နားမ​ထောင်နဲ့ ။ မီဒီယာ​တွေကို နားမ​ထောင်နဲ့ ဒါ​တွေက မဟုတ်တမ်းတရား​တွေ​ပြော​နေတာ။သူ့ဘက်က ​ပြောရမယ့်ကိစ္စ ​ပြောသွားတာပါပဲ။ ဒီ​လောက်ပါပဲ ”ဟုလည်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ၇၁ ရက်မြောက်သည့်နေ့တွင် ထောင်နှင့်ချီသော စစ်ကောင်စီတပ်ဖွဲ့ဝင်များပါသည့် ဒကစ (လောက်ကိုင်) တခုလုံးအပါအဝင် ၎င်းပတ်ဝန်းကျင်အတွင်းရှိသမျှ တပ်ရင်းစခန်းအားလုံး ညီနောင်မဟာမိတ်သုံးဖွဲ့ထံ လက်နက်အညံ့ခံမှုဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချမှုများက ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့အပါအဝင် ကျန်သည့် စစ်မြေပြင်တွင်လည်း ဖြစ်ပွားမှုများရှိ​ကြောင်း သက်ဆိုင်ရာ ​တော်လှန်​ရေးအဖွဲ့များ၏ ထုတ်ပြန်​ပြောဆိုမှုများအရ သိရသည်။

“စိတ်ဓာတ်ကောင်းရင် လူ၊ လက်နက်အင်အားနည်းသော်လည်း အောင်မြင်မှုရရှိအောင် ကြံ့ကြံ့ခံဆောင်ရွက်နိုင်စွမ်းရှိတာကို တွေ့ရှိရပါတယ်” ဟုလည်း စစ်ခေါင်းဆောင်က ဆိုသည်။

လက်တွေ့တွင်လည်း လူအင်အားနည်းလာသည့် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းကာ လူငယ်များကို စစ်ထဲသွင်းကာ အင်အားဖြည့်တင်းမှုများပြုလုပ်လျက်ရှိသည်။

ထို့ပြင် စစ်​ကောင်စီတပ်ဖွဲ့ဝင်များကို စစ်​မြေပြင်စည်းကမ်း၊ လုပ်ငန်းခွင်စည်းကမ်းနှင့် နယ်ဘက်ဆိုင်ရာ စည်းကမ်းဥပ​ဒေများကို ​လေးစားလိုက်နာကြရန်၊ နိုင်ငံတကာတွင် လက်ခံကျင့်သုံး​နေသည့် စစ်ပွဲဆိုင်ရာ ဥပ​ဒေများနှင့် ထိ​တွေ့တိုက်ခိုက်မှုစည်းမျဥ်းများကိုလည်း သိရှိလိုက်နာကြရမည်ဖြစ်​ကြောင်း စစ်ခေါင်းဆောင်က ထည့်သွင်း မှာကြားခဲ့သည်ကို ​တွေ့ရသည်။

အာဏာသိမ်းကာလအတွင်း ​မြေပြင်တွင် စစ်​ကောင်စီတပ်များက အရပ်သား​နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ​​ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်းတို့အပြင် အခြားစစ်ရာဇဝတ်မှုများလည်း အကြိမ်ကြိမ်ကျူးလွန်နေရာ ၎င်း၏ ပြောကြားချက်သည် ကိုက်ညီမှုမရှိပေ။

လက်ရှိတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်မှုခုံရုံး(ICC)တွင် ရုံးတင်စစ်ဆေးနိုင်ရေးအတွက် ဖမ်းဝရမ်းထုတ်ပေးရန် ၍ ICC ၏ ရှေ့နေချုပ်က ICCတွင် လျှောက်ထားပြီးဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *