မှော်ဘီလေတပ်စခန်းအား ၁၀၇ မမရှော့တိုက်ဒုံးများဖြင့်တိုက်ခိုက်

မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်တပ်က ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကာ လူငယ်တချို့ကို ဖမ်းဆီးသွား

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး စစ်တပ်က ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၆ ရက်နေ့ ည ၁၀ နာရီအချိန် မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း၊ ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် စစ်တပ်က ပန်းတစ်ပွင့်တောင်အနီးရှိ လမ်းများ၊ ကျေးရွာများ၊ ဝါးနက်ချောင်းကျေးရွာဘက်ရှိ လမ်းများ၊ မှော်ဘီမြို့ ပြည်လမ်းအဝင်အထွက်လမ်းများနှင့် ဂိတ်များကို ပိတ်ဆို့စစ်ဆေးခဲ့ပြီး မသင်္ကာမှုဖြင့် လူငယ်တချို့ ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။

“မှော်ဘီလေတပ်ထဲကနေ ပေါက်ကွဲသံ ၅ ချက်ထွက်ပေါ်ပါတယ်။ အသံအရမ်းကျယ်ပါတယ်။ အိမ်တွေပါတုန်တယ်။ အဲဒီနောက်မှာ ကျနော်တို့ ရွာနားမှာ ဧည့်စာရင်းတွေစစ်တယ်။ စခတွေကတော့အ သည်းအသန်ပြေးသွား လာနေကြတာ။ ပန်းတစ်ပွင့်တောင် သွားတဲ့လမ်းဘက်တွေမှာလည်း ဂိတ်ချ အစစ်အဆေးတွေ လုပ်တာတွေ့ရတယ်” ဟု ဝါးနက်ချောင်းကျေးရွာအနီးနေထိုင်သူ ဝါးနှီးရောင်းဝယ်ရေး ဒိုင်တစ်ဦးက ပြောဆိုသည်။

ရန်ကုန်မြို့ပြ တော်လှန်ရေးသတင်းရင်းမြစ်တစ်ခုကလည်း မှော်ဘီလေတပ်ကို ယမန်နေ့ညပိုင်း ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုပြီး သက်ဆိုင်ရာတော်လှန်ရေးတပ်များက တရားဝင် သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း၊ တော် လှန်ရေးရဲဘော်များအားလုံး ဘေးကင်းကြောင်း အတည်ပြုပြောဆိုသည်။

အလားတူ နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်အချိန် မှော်ဘီလေတပ်အတွင်းသို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။

သတင်းထုတ်ပြန်ကြေညာချက်

မှော်ဘီလေတပ်စခန်းအား ၁၀၇ မမရှော့တိုက်ဒုံးများဖြင့်တိုက်ခိုက်ခြင်း

💢💢💢💢💢💢💢💢💢💢💢💢💢💢

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်

၁။ Brave Warriors for Myanmar (BWM) အဖွဲ့နှင့် မဟာမိတ် Shadow SAF အဖွဲ့တို့ပူးပေါင်း၍ BWM ၏ Mission 25 အနေဖြင့်လည်းကောင်း၊ Shadow SAF အဖွဲ့၏ Urban Special Operation -U.S.Oအနေဖြင့်လည်းကောင်း ဖော်ဆောင်သည့် အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်၊ ည ၉ နာရီ ၅၃ မိနစ် အချိန်တွင် စစ်ရှုံး ကောင်စီ၏ မှော်ဘီလေတပ်စခန်း အတွင်းရှိ Y-12 တိုက်ခိုက်ရေးစစ်လေယာဥ်များထားရှိရာ လေယာဥ်ရုံ (Hangar) သို့ ပစ်မှတ်ထား၍ ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံး ကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပါသည်။

၂။ မှော်ဘီလေတပ်သည် ကရင်နီ၊ ကရင်၊ မွန် နှင့် တနင်္သာရီ ကမ်းရိုးတန်း ကို အဓိက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သည့် လေတပ်စခန်း ဌာနချုပ်ဖြစ်သလို နိုင်ငံတကာမှ စစ်နှင့် အရေးကြီး ပစ္စည်းများကို လက်ခံဖြန့်ဖြူးသောအဓိကကျသည့် လေတပ် စခန်းလည်းဖြစ်သည်။ အထူးသဖြင့် တရုတ်မှလာသောစစ်လက်နက်ပစ္စည်းအားလုံး ထားရာ အထိုင် စခန်း (base )လည်း ဖြစ်သည့်အတွက် ကျွန်ုပ်တို့ BWM နှင့် မဟာမိတ် အဖွဲ့များက ယခုကဲ့သို့ပူးပေါင်းတိုက်ခိုက်ခဲ့ရခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနှံ့ ပြည်သူလူထု၏အသက်အိုးအိမ်ကို နေ့စဥ်နှင့်အမျှခြိမ်းခြောက်ဖျက်ဆီးနေသော စစ်ရှုံးကောင်စီ၏ လေတပ်စခန်းများကို အားနည်းချိနဲ့ပြိုလဲစေရေးအတွက် လေတပ်ပြိုမစ်ရှင်များကိုလည်း ကျွန်ုပ်တို့ BWM က မဟာမိတ်အဖွဲ့များနှင့်အတူ တစိုက် မတ်မတ်ဆက်လက်ဖော်ဆောင်သွားပါမည်။

၃။ ယခုမစ်ရှင်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီမှော်ဘီလေတပ်ထဲမှ Y-8 ထောက်ပို့စစ်လေယာဥ်တစ်စင်း နှင့် Y-12 တိုက်ခိုက် ရေး စစ်လေယာဥ်တစ်စင်းထိခိုက်ပျက်စီးခဲ့ကြောင်း၊ ဂိုဒေါင်၊ ပြေးလမ်း နှင့် စီမံခန့်ခွဲသောရုံးတို့လည်းမီးလောင်ပျက်စီးသွား ကြောင်း၊ လေတပ်အရာရှိ ၃ ဦးနှင့် စစ်သည် ၁၂ ဦးthayပြီး လေတပ်စီမံခန့်ခွဲရေးလေအုပ်မှူးကြီး အပါအဝင် အရာရှိ ၂ ဦး နှင့် အခြား အဆင့်စစ်သည် ၅ ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်းကနဦးစုံစမ်းသိရှိရပါသည်။ နောက်ထပ်စစ်ရှုံးကောင်စီဘက် မှ ထိခိုက်ပျက်စီးမှုအခြေအနေများကိုလည်းဆက်လက်စုံစမ်းနေပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *