အမ်းမြို့နှင့် ဂွမြို့တွင် စစ်ကူစစ်တပ်စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သားအလောင်း ၂၂၀ ကျော်နှင့် စစ်သုံ့ပန်းတချို့ အရှင်ဖမ်းဆီးရရှိ

အမ်းမြို့နှင့် ဂွမြို့တွင် စစ်ကူစစ်တပ်စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သားအလောင်း ၂၂၀ ကျော်နှင့် စစ်သုံ့ပန်းတချို့ အရှင်ဖမ်းဆီးရရှိပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

မောင်တော နခခ ၅ စခန်းကို သိမ်းပိုက်ပြီး မောင်တောတစ်မြို့နယ်လုံးကို မကြာမီ ရရှိတော့မည်ဟု AA က တရားဝင်အသိပေးကြေညာ

ရခိုင်ပြည်၊ အမ်းမြို့နှင့် ဂွမြို့သို့ စစ်ကူလာသော စစ်တပ်စစ်ကြောင်းများကို တိုက်ခိုက်မှု အလောင်း ၂၂၀ ကျော်နှင့် စစ်သုံ့ပန်းတချို့ အရှင်ဖမ်းဆီးရရှိပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိကြောင်း AA က တရားဝင်သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၈ နာရီ ၃၅ မိနစ်အချိန် အမ်းမြို့သို့ စစ်ကူပေးရန်တက်လာသည့် တပ်မ ၈၈ လက်အောက်ခံ၊ နည်းဗျူဟာစစ်ကြောင်းကို အမ်းမြို့၏ မြောက်ဘက်၊ ရိုးတောင်၏လမ်းမထက် တစ်နေရာတွင် AA က စတင်ဖြတ်တောက် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါစစ်ကြောင်းတွင် ခမရ ၃၁၇၊ ခမရ ၄၁၅၊ ခမရ ၄၁၆ စသည့် တပ်ရင်းသုံးရင်းဖြင့် စုပေါင်းထားပြီး အင်အား ၁၃၀ ခန့် ပါဝင်ကြောင်း၊ ၃ ရက်နီးပါး ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်မှုအပြီး နိုဝင်ဘာလ ၃၀ ရက်၊ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် စစ်သား အလောင်း ၁၀၀ ကျော်၊ လက် နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်းအချို့ကိုလည်း လက်ရဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့အတူ ထွက်ပြေးလွတ် မြောက် နေသည့် စစ်ကောင်စီတပ်သားတချို့ကိုလည်းလိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရှိရသည်။

ထို့အတူ နိုဝင်ဘာလ ၂၄ ရက်နေ့ ဂွမြို့တွင်လည်း စစ်ကူတက်လာသော စစ်တပ်စစ်ကြောင်းတစ်ခုကို စတင်ဖြတ်တောက်တိုက်ခိုက်ခဲ့ကြောင်း၊ ဂွမြို့နယ်၊ သံခဲချိုင်ကျေးရွာ၊ သံခဲချိုင်ကျေးရွာကမ်းခြေအနီး နှင့် သံခဲချိုင်ကျေးရွာနှင့် ကင်းပုံကျေးရွာအကြား စသည့်နေရာများတွင် ၃ ရက် အတွင်း အပြတ်အသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ အဆိုပါစစ်ကြောင်းမှ စစ်သားအလောင်း ၁၂၀ ကျော်၊ စစ်သုံ့ပန်းအချို့ နှင့် လက်နက်ခဲယမ်း၊ စစ်အသုံး အဆောင်ပစ္စည်းများ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

AA က ဂွမြို့အနီး ချေမှုန်းတိုက်ခိုက်ခဲ့သော စစ်ကြောင်းမှာ အင်အား ၁၈၄ ဦးပါဝင်ပြီး ဟင်္သာတမြို့အခြေစိုက် ခလရ ၁၈ တပ်ရင်း၊ မအူပင်မြို့အခြေစိုက် ခလရ ၅၁ တပ်ရင်း၊ အိမ်မဲမြို့အခြေစိုက် ခလရ ၆၃ တပ်ရင်း နှင့် ရန်ကုန်၊ လှိုင်သာယာအခြေစိုက် ခမရ ၅၃၂ တပ်ရင်း အပါအဝင် တပ်ရင်း ၅ ရင်းစုပေါင်းထားသော စစ်ကြောင်းတစ်ခုလည်းဖြစ်ကြောင်း၊ အဆိုပါ စစ်ကူစစ်ကြောင်းမှ အစုလိုက်၊ အစုလိုက်ထွက်ပြေးလွတ်မြောက်နေသော စစ်သားများကို လိုက်လံ ရှင်းလင်းတိုက်ခိုက်နေသကဲ့သို့ ဂွမြို့၏ အခြားသောနေရာများ၌ ရှိနေသော စစ်သားများကိုလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် ဒီဇင်ဘာလ ၆ ရက်နေ့တွင်လည်း အမ်း၊ တောင်ကုတ်၊ ဂွ နှင့် မောင်တောမြို့များရှိ အကြမ်းဖက် စစ်ကောင်စီ၏ လက်ကျန်စခန်းများကို အာရက္ခတပ်တော်က ယခင်ရက်များနည်းတူ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲများ ပြင်းထန်နေခဲ့ကြောင်း၊ အာရက္ခဒေသအတွင်း၌ တိုက်ပွဲများမှာ အမ်း၊ တောင်ကုတ်၊ ဂွ နှင့် မောင်တောမြို့ရှိ ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းများရှိရာနေရာများ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး နေ့တိုင်း ပြင်းထန်လျက်ရှိကြောင်း သိရှိရသည်။

AA ၏ထိုးစစ်ကို စစ်တပ်က လေကြောင်းပစ်ကူ၊ ရေတပ်စစ်သင်္ဘောများပေါ်မှ ပစ်ကူအမြောက်အမြားပေး၍ တောက်လျှောက်ခုခံကာကွယ်လျက်ရှိသကဲ့သို့ AA ကလည်း လက်ကျန် စစ်စခန်းများကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေး ထိုးစစ်များကို တစ်ပြိုင်နက်တည်း ဆင်နွှဲလျက်ရှိကြောင်း၊ မောင်တော၊ နခခ ၅ စခန်းအတွင်းမှ ခုခံနေသော စစ်ကောင်စီတပ်များအနေဖြင့် ဝေဟင်မှ ခဲယမ်း၊ ရိက္ခာများ ဖြည့်တင်းပေး ရုံမှလွဲ၍ ကုန်းလမ်း၊ ရေလမ်းမှ မည်သည့်စစ်ကူမျှ လာရောက်ဖြည့်တင်းပေးနိုင်သော အခြေအနေမျိုး မဟုတ်သောကြောင့် မောင်တော နခခ ၅ စခန်းသည်လည်း AA၏ ထိုးစစ်အောက်တွင် မကြာမီသိမ်းပိုက် ရရှိနိုင် တော့မည့် မောင်တောမြို့၏ နောက်ဆုံး လက်ကျန်စခန်းတစ်ခုသာဖြစ်ကြောင်း၊ ထို့ကြောင့် နခခ ၅ စခန်းကို အပြီးသတ်သိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်ကို အရှိန်အဟုန်မြှင့် ဆက်လက်ပြုလုပ်လျက် ရှိကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *