ဗန်းမော်မြို့တွင်းထိ KIAတပ်များ ဝင်ရောက်နေရာယူထား

ဗန်းမော်မြို့တွင်းထိ KIAတပ်များ ဝင်ရောက်နေရာယူထားပြီး မြို့မရဲစခန်းနှင့် ရုံးကြီးကိုသိမ်း၊ စကခ ၂၁ တွင် တိုက်ပွဲပြင်းထန်နေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အတွင်းထိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်များ ဝင်ရောက် နေရာယူပြီး စစ်ကောင်စီစခန်းအချို့ကို သိမ်းဆည်းထားပြီဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာ ၆ရက်နေ့တွင် ဗန်းမော်မြို့တွင်းရှိ စစ်ကောင်စီ၏ မြို့မရဲစခန်းနှင့် ဌာနဆိုင်ရာရုံးပေါင်းစုံ ရုံးကြီးအား တိုက်ခိုက်သိမ်းယူပြီး နယ်မြေရှင်းလင်းနေကြောင်း သိရသည်။

“စစ်မျက်နှာ လေးခုလောက်ဖွင့်ပြီး KIAကတိုက်နေတာ။ စစ်တပ်ကတော့ အစဉ်အလာအတိုင်း လေယာဉ်နဲ့ အဓိကတိုက်တယ်ပေါ့။ နည်းပညာတက္ကသိုလ်နားမှာ တိုက်ပွဲပြင်းထန်နေတယ်။ စကခ ၂၁လည်း အနီးကပ်တိုက်ပွဲဖြစ်တယ်” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) ကို KIAက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီက ခမရ ၃၁၉ နှင့် ခလရ ၄၇အတွင်းသို့ Y-12ဖြင့် လက်နက်၊ခဲယမ်းအထုတ်များ ချပေးလျက်ရှိကြောင်း သိရသည်။

KIA သည် မိုးမောက်ဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကိုလည်း ၆မိုင်တွင် ကြားဖြတ် တိုက်ခိုက်နေပြီး စစ်ကောင်စီက ဗန်းမော်ရှိ တာမိုင်းလုံရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၄ရက်နေ့က စတင်ခဲ့သည့်တိုက်ပွဲအတွင်း KIAက စစ်ကောင်စီ စခန်း ခုနစ် ခုထက်မနည်းကို သိမ်းယူထားခဲ့ပြီး ယမန်နေ့က ခလရ ၂၃၆နှင့် ကွန်ပျူတာ တက္ကသိုလ်အနီးရှိ တပ်စခန်းတို့ကို သိမ်းယူခဲ့ကြောင်း သိရသည်။

တိုက်ပွဲကြောင့် ဗန်းမော်မြို့ ခွန်သာရပ်ကွက်၊ ဗလီနားနှင့် တပ်ကလေးရပ်ကွက်မှ ဒေသခံ ၁၀ဦးထက် မနည်းသေဆုံးပြီး ပြည်သူ ၃၀၀၀ ကျော်ပိတ်မိနေကြောင်း သိရသည်။

ဗန်းမော်မြို့၌ KIAပူးပေါင်းတပ်များ ဝင်ရောက်နေရာယူထားဟု သတင်းရင်းမြစ်ပြော

စစ်ကောင်စီ၏ တားဆီးပိတ်ပင်မှု၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့်တိုက်ပွဲအတွင်း ဒေသခံများ ဒုက္ခများစွာကြုံရဟု KIA အသိပေး

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ် ပူးပေါင်းတပ်များက ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်လျက်ရှိရာ လက်ရှိတွင် မြို့တွင်းနေရာအများစု၌ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်နေရာယူထားနိုင်ပြီဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အခြေအနေကတော့ မင်းအောင်လှိုင်ဘက်ကတော့ သိပ်အဆင်မပြေတော့ဘူး။ ဒါပေမဲ့ သူတို့က လေယာဉ်နဲ့ အားသာနေတာပေါ့။ အဲဒါတစ်ခုပဲ။ ကျန်တဲ့ဟာကတော့ သူတို့အနေနဲ့ လုံး၀ကို သူတို့ခံစစ်အတော်များများလည်း အဆင်က မပြေတော့ဘူး။ မြို့အထဲ တော်တော် များများမှာတော့ ပူးပေါင်းတပ်တွေက နေရာယူထားတယ်ဆိုတာ သတင်းရတယ်”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

ဗန်းမော်နှင့် မံစီဒေသတစ်ခုလုံး သိမ်းပိုက်နိုင်ရေး KIA ပူးပေါင်းတပ်က ဒီဇင်ဘာ ၄ရက်က စတင်ထိုးစစ်ဆင်လျက်ရှိရာ စစ်ကောင်စီတပ်စွဲရာ နေရာ ၁၅ခုထက်မနည်းကို KIAက သိမ်းပိုက် ထားပြီး ဗန်းမော်မြို့မရဲစခန်း၊ ဌာနဆိုင်ရာ ရုံးပေါင်းစုံနေရာတို့ကို တိုက်ခိုက်ရှင်းလင်းနေပြီး စကခ (၂၁)တပ်ရင်းဌာနချုပ်နေရာ၌ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီဘက်ကလည်း လေကြောင်းမှပစ်ကူပေး တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လျက်ရှိသည်ဟု သတင်းရင်းမြစ်က ပြောသည်။

KIAသတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဗန်းမော်မြို့၌ တိုက်ပွဲဖြစ်ပွားမှုကိုအတည်ပြုသော်လည်း စစ်ရေးရလဒ် အသေးစိတ်အခြေအနေများ အတည်ပြုနိုင်ခြင်းမရှိဟု ယနေ့နံနက်တွင် ပြောသည်။

KIA သတင်းပြန်ကြားရေးဌာနကလည်း ဗန်းမော်မြို့ဒေသခံများ ဒုက္ခကြုံနေရမှု အခြေအနေကို ကချင်ဘာသာဖြင့် သတင်းဖော်ပြထားရာ တိုက်ပွဲကြောင့် စစ်ရှောင်လာသည့် ဒေသခံများကို စစ်ကောင်စီတပ်က ပစ်ခတ်ခြင်း၊ ပိတ်ဆို့တားဆီးခြင်းပြုလုပ်ခဲ့သည်ဟု ဆိုသည်။

” ဗန်းမော်ထဲကိုလည်း စစ်ကောင်စီက လက်နက်ကြီးတွေ၊ ဒရုန်းတွေ ဒါမျိုးတွေ ပစ်ခတ် တဲ့အခါကျတော့ အရပ်သားတွေထိခိုက်ဒဏ်ရာရပြီး သေတာတွေလည်း တော်တော်များများလေးကြားလာရတယ်တဲ့။ နေအိမ်တွေလည်း ပျက်စီးတယ်ပေါ့။ အဲဒါကြောင့် သူတို့စစ်ရှောင်ကြတာပေါ့လေ။ စစ်ရှောင်တဲ့သူတွေကို ဒီလိုမျိုးထပ်ပြီးလုပ်တယ်ဆိုတော့ဗန်းမော်ကဒေသခံတွေက တိုက်ပွဲအတွင်းမှာ ဒုက္ခတွေရောက်နေကြတယ် တဲ့”ဟု KIA၏ သတင်းဖော်ပြချက်ကို ကချင် အမျိုးသမီးတစ်ဦးက ပြန်ပြောပြသည်။

ဗန်းမော်မြို့တွင်း၌ တိုက်ပွဲပြင်းထန်နေသည့် အပြင် ဗန်းမော်-မိုးမောက်မြို့နယ်ကြားတွင်လည်း တိုက်ပွဲဆက်လက်ပြင်းထန်နေသည်ဟု သတင်းရင်းမြစ်က အသိပေးသည်။

(ဗန်းမော်မြို့တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေကြသည့် စစ်ဘေးရှောင် ပြည်သူများ။ ဓာတ်ပုံ – Simsa Kasa Multimedia)


Comments

Leave a Reply

Your email address will not be published. Required fields are marked *