ရှမ်းပြည်နယ် မူဆယ် ကိုအလုပ်လုပ်ရန်သွားသည့် ရခိုင်အမျိုးသမီး‌တစ်ဦးကို AAနှင့်ဆက်စပ်သည်ဟုဆိုကာ စစ်‌ကောင်စီမှဖမ်းဆီးသတ်ဖြတ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ်ခရိုင်၊ မူဆယ်မြို့သို့ အလုပ်လုပ်ရန်သွားသည့် ရခိုင်အမျိုးသမီးတစ်ဦးကိုအာရက္ခတပ်တော် (AA) နှင့်ဆက်စပ်သည်ဟု ဆိုကာ စစ်ကောင်စီမှဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း သတင်းရရှိသည်။

၎င်းအမျိုးသမီးမှာ မြေပုံမြို့နယ်၊ကမ်းထောင်းကြီးမြို့မှ မနွယ်နွယ်မြင့် အသက် ( ၂၅) နှစ်ဖြစ်သည်။

မူဆယ်မြို့အဝင် စစ်တပ်ဂိတ်တွင် ဒီဇင်ဘာ ၆ရက်နေ့နံနက်ကခရီးသည်များအားစစ်ဆေးစဉ်ရခိုင်အမျိုးသမီးငယ် (၄)ဦးအားခေါ်ယူထားလိုက်ပြီး ထိုအထဲက မနွယ်နွယ်မြင့်ကိုAAနှင့်ဆက်စပ်သည်ဟုဆိုကာစစ်ကောင်စီကသတ်ဖြတ်လိုက်ခြင်းဖြစ်သည်ဟု ကမ်းထောင်းကြီးဒေသခံတစ်ဦးက ပြောသည်။

” သူတို့ ရန်ကုန်ကနေလာကြတာပါ။ မူဆယ်အဝင်ဝဂိတ်မှာစစ်ဆေးခံရတယ်။ စစ်ကောင်စီဂိတ်ပါ။ အဲ့ဒီမှာ ဖုန်းတွေကိုစစ်တယ်။ မနွယ်နွယ်မြင့်မှာ AAနဲ့ပက်သက်တဲ့ တယ်လီကရမ်မှာ joinထားတာတွေ၊ ဖေ့စ်ဘွတ်မှာ AA နဲ့ပက်သက်တဲ့ ပို့စ်တွေ ရှယ်ထားတာတွေကိုတွေ့တယ်။ မိန်းကလေး ၄ ယောက်လုံးကို စစ်တပ်ထဲခေါ်သွားတာ။ တစ်ယောက်ကသတ်ဖြတ်ခံလိုက်ရပါတယ်” ဟုပြောသည်။

နောက်ထပ် မနွယ်နွယ်မြင့်နှင့်အတူဖမ်းဆီးခံရသည့် ရခိုင်အမျိုးသမီး(၃)ဦးကို စစ်တပ်က ငွေကြေးရာနှင့်ချီတောင်းခံပြီးမှ ပြန်လွှတ်ပေးခဲ့သည်ဟု နီးစပ်သူတစ်ဦးကပြောသည်။

” ၃ ယောက်ကိုအစတုန်းကပြန်မလွတ်ပေးဘူး။ သူတို့ကိုသွားတောင်းပန်မှ ပိုက်ဆံတောင်းတယ်။ ရာနှင့်ချီတောင်ပေးလိုက်ရတယ်” ဟုပြောသည်။

စစ်ကောင်စီသည်တပ်စခန်းများ လက်လွတ်ဆုံးရှုံးလာရသည်နှင့်အမျှ ရှမ်း၊ရခိုင်၊ကချင်ဒေသခံများကို အငြိုးထားကာ ယခုကဲ့သို လုပ်ဆောင်ခြင်းသည်စစ်ရာဇဝတ်မှုမြောက်သည်ဟု ရခိုင်စစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။

” သူတို့အဓိက ရခိုင်၊ရှမ်းနဲ့ကချင်ဒေသတွေမှာ စခန်းတွေဆုံးရှုံးမှုများလာတဲ့အခါဒေသခံတွေအပေါ်အငြိုးထားတယ်။ တကယ် AAနဲ့ဆက်စပ်ခဲ့ရင်တောင် ဥပဒေအရဖမ်းဆီးထောင်ချလို့ရတယ်လေ။ အခုဒီလိုသတ်ဖြတ်တာက စစ်ရာဇဝတ်မှုမြောက်တယ်။လူ့အခွင့်အရေးချိုးဖောက်ရာလည်းကျတယ်” ဟုပြောသည်။

စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့်မူဆယ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရခိုင်အပါအဝင်တိုင်းရင်းသားများအပေါ် ဧည့်စာရင်းအကြောင်းပြကာဖမ်းဆီးခြင်း၊ငွေညှစ်ခြင်းများကိုလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *