ချင်းတော်လှန်ရေးတပ် ထိန်းချုပ်ထားတဲ့ ရိဒ်ခေါရ်မြို့မှာ ခရီးသွားလုပ်ငန်း ဖော်ဆောင်

ချင်းတော်လှန်ရေးတပ် ထိန်းချုပ်ထားတဲ့ ရိဒ်ခေါရ်မြို့မှာ ခရီးသွားလုပ်ငန်း ဖော်ဆောင်၊
အိန္ဒိယဘက်က ခရီးသွားတချို့ လာရောက်လည်ပတ်

ချင်းပြည်၊ ဖလမ်းခရိုင်၊ အိန္ဒိယ- မြန်မာ နယ်စပ်က ချင်းတော်လှန်ရေးတပ်တွေ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ရိဒ်ခေါရ်မြို့မှာ ခရီးသွားလုပ်ငန်း ဖော်ဆောင်နေပြီး အိန္ဒိယနိုင်ငံက ခရီးသွားတချို့ လာရောက် လည်ပတ်မှု ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ချင်းတော်လှန်ရေးတပ် ထိန်းချုပ်ထားတဲ့ ရိဒ်ခေါရ်မြို့နဲ့ နာမည်ကျော် အသည်းပုံ ရေကန်ဖြစ်တဲ့ ရိဒ်ရေကန်ကို ဒေသခံ ပြည်သူတွေက နိုဝင်ဘာလက စတင်ပြီး ခရီးသွားလုပ်ငန်း ဖော်ဆောင်နေကာ ဒီဇင်ဘာလ ၈ရက် ဒီနေ့အထိ တစ်လကျော်အတွင်း အိန္ဒိယနိူင်ငံက ခရီးသွား ပြည်သူ ၁၀၀ကျော် လာရောက် လည်ပတ်ကြတယ်လို့ ဟိုတည်နဲ့ ခရီးသွားလုပ်ငန်း လုပ်ဆောင်နေသူတွေက ပြောပါတယ်။

“ပြီးခဲ့တဲ့ လတော့ အိန္ဒိယနိူင်ငံက လူတွေ လာတာ များတယ်။ ပြည်တွင်းကတော့ လာတာ နည်းတယ်။ အိန္ဒိယနိုင်ငံက အများစု လာကြတာ။ တည်ခိုခန်းက တစ်ခန်း (ကျပ်) ၂၅၀၀၀ ဆိုတော့ လာကြတယ်။ အများစုကတော့ အိန္ဒိယနိူင်ငံ၊ မီဇိုးလူမျိုးတွေက လာကြတာ၊ ဘိုးဘေးတွေ လာကန့်တော့ ကြတာလည်း ပါတယ်။ နှစ်တိုင်း နှစ်တိုင်း ဒီအချိန်ဆို လာကြတယ်”

ရိဒ်ခေါရ်မြို့ကို လာရောက်ကြသူတွေဟာ နာမည်ကျော်အသည်းပုံ ရေကန်ဖြစ်တဲ့ ရိဒ်ရေကန်ကို လည်ပတ်ကြည်ရှု့ ကြတယ်လို့ ဆိုပါတယ်။

ဒီလို လာရောက်ကြသူတွေက ဒေသထွက် လိမ္မော်သီး၊ စပျစ်ဝိုင်နဲ့ ပန်းသီး၊ ထောပတ်သီး၊ မျောက်ငိုသီး တွေကို ဝယ်ယူကြလို့ အရောင်းအဝယ် ကောင်းမွန်တယ်လို့ ရိဒ်ခေါရ်မြို့ ကုန်သည်တွေက ပြောပါတယ်။

လက်ရှိမှာ ခရီးသွားတချို့ လာရောက်ပေမယ့် အိန္ဒိယနိူင်ငံက အိန္ဒိယ- မြန်မာ နယ်စပ် ဂိတ်ကို ပိတ်ထားဆဲမို့ အာဏာမသိမ်းခင် နှစ်‌တွေလောက်တော့ လူစည်ကားမှု မရှိဘူးလို့ ရိဒ်ခေါရ်မြို့ ဈေးသည်တစ်ဦးက ပြောပါတယ်။

“လမ်းတွေက ပိတ်ထားတုန်း။ ထောပတ်သီးနဲ့ မျောက်ငိုသီး ဝယ်ကြတယ်။ ဒီအချိန်လေး အားထားရောင်းရတာ။ ကျန်တဲ့အချိန်က ဘာမှ မရောင်းရတော့”

ရိဒ်ခေါရ်မြို့ကို ချင်းတော်လှန်ရေးတပ်တွေက ၂၀၂၃ နိုဝင်ဘာ ၁၄ ရက်မှာ စစ်အုပ်စုခန်းတွေကို တိုက်ခိုက်ပြီး သိမ်းပိုက် ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ရိဒ်ခေါရ်မြို့ဟာ အိန္ဒိယနဲ့ နယ်မြေ ထိစပ်နေတဲ့ မြို့ ဖြစ်ပြီး အသည်းပုံ ရေကန်ဖြစ်တဲ့ ရိဒ်ရေကန် ရှိတာကြောင့် သာမန်အခြေအနေမှာ ခရီးသွား အများအပြား လာရောက်လေ့ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *