စစ်ကိုင်းမြို့အနီးက ရွာတွေကို စစ်အုပ်စု စီးနင်းပြီး ဖမ်းမိတဲ့ ပကဖ ရဲဘော်ကို သတ်ဖြတ် မီးရှို့

စစ်ကိုင်းမြို့အနီးက ရွာတွေကို စစ်အုပ်စု စီးနင်းပြီး ဖမ်းမိတဲ့ ပကဖ ရဲဘော်ကို သတ်ဖြတ် မီးရှို့

လက်နက်ကြီးနဲ့ထုသတ်လို့ ပြည်သူ သုံးဦးလည်း သေဆုံး

ဖမ်းမိထားတဲ့ ပကဖ ရဲဘော်ကို ဓာတ်ပုံရိုက်ကာ အွန်လိုင်းမှာ ဖြန့်ပြီးမှ သတ်ဖြတ် မီးရှို့ခဲ့တာ ဖြစ်နိုင်

စစ်ကိုင်းမြို့ အနောက်ဘက်က ကံတက်ကျွန်း ခေါ် ကတက်ကျွန်းရွာကို ဒီဇင်ဘာလ ၇ရက် မနေ့က မနက်ပိုင်း စစ်အုပ်စုက ရုတ်တရက် စီးနင်းပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ရဲဘော် တစ်ဦးကို ဖမ်းဆီးကာ သတ်ဖြတ် မီးရှို့ သလို လက်နက်ကြီးနဲ့ ထုသတ်လို့ ပြည်သူ သုံးဦးလည်း သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကိုင်းမြို့နယ်၊ ဧရာဝတီမြစ် ကျွန်းရွာဖြစ်တဲ့ ကတက်ကျွန်းရွာကို စစ်အုပ်စု အင်အား ၁၀၀ လောက်နဲ့ မြေပြင်ကနေ စစ်ကြောင်းထိုး စီးနင်းတာဖြစ်ပြီး ဧရာဝတီမြစ်ထဲမှာလည်း သင်္ဘောသုံးစီး ရှိနေသလို စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရားထဲ အထိုင်ချ တပ်စွဲထားတဲ့ စစ်အုပ်စုကလည်း မြို့အနောက်ဘက် မြစ်ရိုးက ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“မနက် ၅ နာရီလောက်မှာ စစ်ကိုင်းမြို့ကနေ စခ အင်အား ၁၀၀ ကျော် စစ်ကြောင်းထိုးတယ်။ ကံတက်ကျွန်း ပကဖ ရဲဘော် (ကို)ကတုံး ကို ဖမ်းဆီးမီးရှို့သတ်ဖြတ်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကတက်ကျွန်းရွာကို စီးနင်းတဲ့ စစ်အုပ်စုက ပကဖ ရဲဘော်ကို ဖမ်းဆီးပြီး သတ်ဖြတ်မီးရှို့သလို လက်နက်ကြီးနဲ့ ရမ်းကား ပစ်ခတ်လို့ ပြည်သူ သုံးဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

လက်နက်ကြီး ထိမှန်လို့ သေဆုံးသူတွေဟာ ကတက်ကျွန်းရွာအနီး ညောင်ကုန်းရွာက အသက် ၅၀ဝန်းကျင်အရွယ် ပြည်သူ အမျိုးသမီး တစ်ဦးနဲ့ ရိပ်သာရွာက အမျိုးသားတစ်ဦးတို့ ဖြစ်ပြီး ညောင်ကုန်းရွာက အသက် ၇၀ အရွယ် အဖိုးအို တစ်ဦးလည်း လက်နက်ကြီး ဒဏ်ကြောင့် နှလုံးရပ်သေဆုံးတယ်လို့ ဒေသခံမြေပြင်ကင်းထောက် Wetlet Informational Network က ဆိုပါတယ်။

စစ်အုပ်စုဟာ အဲ့ဒီလို စီးနင်း သတ်ဖြတ်ပြီးနောက် စစ်ကိုင်းမြို့ တပ်မ ၃၃ ထဲ ပြန်ဝင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကတက်ကျွန်းရွာကို စီးနင်းသတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်ပြီး စစ်အုပ်စုက သတင်းဖြန့်ရာမှာတော့ မနေ့က မနက်ပိုင်း ကတက်ကျွန်းရွာ အနီး တိုက်ပွဲဖြစ်ပြီး PDF အလောင်းတစ်လောင်း၊ လက်လုပ်သေနတ်(အရှည်) ကိုးလက်၊ လက်လုပ်စိန်ပြောင်း တစ်လက်၊ လက်လုပ်လက်ပစ်ဗုံး ၁၀ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၁၂ လုံး၊ ပြောက်ကျား ယူနီဖောင်း တစ်စုံ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ကတက်ကျွန်းရွာက PDF တစ်ဦးကို အရှင် ဖမ်းမိတယ်လို့ စစ်ဘော်လီတွေက မနေ့က နေ့လည်ပိုင်းမှာ ဓာတ်ပုံနဲ့တကွ သတင်းဖြန့်ပြီး ညပိုင်းအချိန် အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ က သတင်းဖြန့်ရာမှာတော့ ဖမ်းဆီး ရမိမှု မဖော်ပြဘဲ အထက်ပါအတိုင်း အလောင်းတစ်လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရမိတယ်လို့ သတင်းဖြန့်တာ ဖြစ်ပါတယ်။

ကတက်ကျွန်းရွာမှာ စစ်အုပ်စုက သတ်ဖြတ်မီးရှို့ထားခဲ့တဲ့ အလောင်းတစ်လောင်း တွေ့ရပြီး သေဆုံးသူဟာ စစ်လော်ဘီတွေ ဖြန့်တဲ့ ဓာတ်ပုံထဲက ရဲဘော်လား၊ နောက်ထပ်တစ်ဦးလား ဆိုတာ သဲသဲကွဲကွဲ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းမိထားသူကို ညှဉ်းပန်းကာ သတ်ဖြတ်ပြီးမှ ယူနီဖောင်း ဝတ်ပေး၊ ဓာတ်ပုံရိုက်ကာ မီးရှို့ထားခဲ့တာ ဖြစ်နိုင်ပြီး စစ်ကိုင်း အပါအဝင် မန္တလေးနဲ့ မကွေးတိုင်းထဲ စစ်ကြောင်းထိုးတဲ့ နမခ လက်အောက်ခံ စစ်အုပ်စုဟာ ယခင်ကလည်း ဖမ်းမိသူတွေ အားလုံးကို သတ်ဖြတ်လေ့ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းမြို့ အနောက်ဘက်က ကတက်ကျွန်းရွာကို စီးနင်းသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး စစ်အုပ်စုက ဖြန်တဲ့ပုံတွေ/Photo – စစ်အုပ်စု


Comments

Leave a Reply

Your email address will not be published. Required fields are marked *