စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးရန် ဓာတ်ဆီပုံးများ ကားဖြင့်တင်ဆောင်လာ၍ ပြည်သူများ ထွက်ပြေးနေရ

အုတ်ဖို ပဲခူးရိုးမအစပ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးရန် ဓာတ်ဆီပုံးများ ကားဖြင့်တင်ဆောင်လာ၍ ပြည်သူများ ထွက်ပြေးနေရ

နတ်မောက်တွင်လည်း ကျောက်ချောရွာကို စစ်တပ်က စီးနင်းနေ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးရန် ဓာတ်ဆီပုံးများ ကားဖြင့်တင်ဆောင်လာ၍ ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

ဒီဇင်ဘာလ ၇ ရက်နေ့က စတင်ပြီး အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမ အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးရန် ဓာတ်ဆီပုံးများ ကားဖြင့် တင်ဆောင်လာ၍ ကျေးရွာ ၄ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိချိန်တွင် တံငါကုန်းရွာ ၊ ကျွဲဖြူမရွာ ၊ တောင်ကုန်းရွာနှင့် ကြို့ကိုးပင်ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူတချို့ကို ဖမ်းဆီးလာပြီး စစ်ဝတ်စုံများပေး၍ စစ်ကြောင်းရှေ့မှ သွားလာခိုင်းကြောင်း သိရှိရသည်။

ထို့ပြင် မြေပြင်တွင်လည်း တော်လှန်ရေး တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးရန် အင်အား ၃၀၀ ခန့်ဖြင့် ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“အုတ်ဖိုမြို့နယ် အပိုင် ပဲခူးရိုးမအစပ်က ရွာတွေကို စစ်ခွေးတွေ ဝင်မွှေနေပြီး နေအိမ်တွေကို မီးတင်ရှို့ဖို့ ဓာတ်ဆီပုံးတွေ ကားနဲ့တင်လာကြလို့ ပြည်သူတွေ တိမ်းရှောင်နေကြရပါတယ်။ စစ်ခွေးတွေက ရိုးမပေါ်မတက်ဘဲ တောင်ခြေရွာတွေကို ပတ်မွှေနေတာ
အခုရက်ထဲ သာယာဝတီခရိုင်ထဲမှာ တိုက်ပွဲတွေလည်းဖြစ်ထားပါတယ်။ တံငါကုန်းရွာက ရွာလုံးကျွတ်ပြေးနေရပါတယ်။ ရွာမှာလူမရှိတော့ပါဘူး။ ကြို့ပင်ကောက်မြို့နယ် ကုန်းရွာဘက်က လူတချို့လည်း တိုက်ပွဲဖြစ်လာမှာစိုးရိမ်ပြီး တိမ်းရှောင်နေကြပါတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကျောက်ချောရွာကိုလည်း အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး နေအိမ် ၃ လုံးကိုဖျက်ဆီးကာ အမျိုးသမီး ၁ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီခန့်က စတင်ပြီး နတ်မောက်မြို့နယ်၊ ကျောက်ချောက်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး နေအိမ်များကို ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျေးရွာအတွင်းရှိ အမျိုးသမီး ၁ ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

လက်ရှိချိန်တွင် ကျေးရွာနေပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေးနေရပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း ကျေးရွာအတွင်းရှိ နေအိမ် အားလုံးကို ဝင်ရောက်မွှေနှောက်ရှာဖွေပြီး ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားသော်လည်း အကြမ်းဖက် စစ်တပ်စစ်ကြောင်းက ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားသော်လည်း ပြည်သူများ ရွာထဲသို့ ပြန်လည် ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“စစ်ခွေးတွေ နတ်မောက်မြို့နယ် ကျောက်ချောကျေးရွာမှာ သောင်ကျန်းနေပါတယ်။ ပြည်သူနေအိမ်တွေကို ဖျက်စီးနေပါတယ်။ မနေ့က ၁၀ နာရီလောက်မှာ ဝင်လာတာ အမျိုးသမီး ၁ ဦးကို ဖမ်းသွားတယ်။ နေအိမ် ၃ လုံးကိုတော့ ဖျက်စီးသွားတယ်။ စစ်ခွေး အင်အား ၁၀၀ လောက်ရှိပါတယ်။ အခုတော့ ပြန်ထွက်သွားပြီ ပြည်သူတွေကတော့ မပြန်ရဲသေးဘူး” ဟုဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *