မောင်တော နခခ(၅)မှ ငိုရှိုက်သံများ

အာရက္ခတပ်တော်(AA)က မသိမ်းယူမီ နခခ(၅)အတွင်း ပိတ်မိနေသည့် စစ်ကောင်စီ၏စစ်သားနှင့်ရဲတပ်ဖွဲ့ဝင်များက ငိုသံပါဖြင့် အကူအညီတောင်းထားသည့်ရုပ်သံဖိုင် လူမှုကွန်ယက်​ပေါ် ယ​နေ့ပေါ်ထွက်လာသည်။

အဆိုပါရုပ်သံဖိုင်သည် ပြီးခဲ့သည့် တစ်လတိတိ နိုဝင်ဘာ ၈ ရက်တွင်အမှတ် (၅) နယ်ကြားစောင့်ရဲတပ်ရင်း( နခခ-၅)အတွင်း ပိတ်မိနေသည့် ​စစ်သားနှင့်ရဲများက ၎င်းတို့ကိုကယ်ထုတ်​ပေးရန် ၊အကူအညီ​ပေးကြရန် ငိုရှိုက်သံများဖြင့်အကူအညီ​တောင်းထားခြင်းဖြစ်သည်။

“ဒါကတော့ နခခ(၅)မှာ ပိတ်မိနေတဲ့တပ်သားတွေ။ စစ်သည်တွေတပ်သားတွေ။ အကုန်လုံးဒီမှာဒုက္ခရောက်နေကြပြီ” ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကပြောထားသည်။

တခြားသူအချို့ကလည်း ယင်းဖိုင်တွင် ဝင်ပြောကြရန် အသံတုန်တုန်ရီရီဖြင့် အချင်းချင်းတိုက်တွန်းနေကြသည်။

” ပြော ပြော မိသားစုနဲ့ပြော” ဟု တစ်ဦးကဝင်ပြောသည်။

“ကယ်ကြအုံး ကယ်ကြအုံး” ဟူ၍လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးက လှမ်းအော်ပြောသည်ကိုကြားရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် အရေအတွက် တစ်ရာဝန်းကျင်ရှိနိုင်ပြီး အားလုံးသည် စိုးရိမ်ကြောက်လန့်နေကြသည်။ အရာရှိများကလည်းထွက်​ပြေးသွားကြပြီဖြစ်ပြီ ပိတ်မိ​နေ၍ ဘယ်မှ ထွက်မရ​ကြောင်း ၊စားစရာမရှိ​တော့​ကြောင်းလည်း ငြီးတွား​ပြောဆိုကြသည်။

၎င်းတို့ကပြောဆိုနေကြချိန်တွင် သေနတ်ပစ်ခတ်သံများလည်း ထွက်ပေါ်နေသည်။

နခခ(၅)အတွင်း ဩဂုတ်လ ၄ ရက်နေ့မှစတင်၍ ပိတ်မိနေခဲ့ခြင်းဖြစ်ပြီး အဆိုပါရုပ်သံရိုက်သည့် နိုဝင်ဘာလ ၈ရက်အထိ သုံးလ​ကျော်အတွင်း
မည်သည့်အကူအညီမှ မရဟု စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကပြောထားသည်။

” ဘယ်မှလဲထွက်လို့မရဘူး။ ဘယ်မှလဲသွားလို့မရဘူး။ အကုန်လုံးကပိတ်နေပြီ။ အကုန်လုံးဒုက္ခရောက်နေပြီ။ စစ်သည်တွေရောအကုန်လုံးတပ်ဖွဲ့ဝင်တွေ ဒီနားလေးမှာစားဖို့သောက်ဖို့လည်းဘာမှမရှိဘူး။ အကုန်လုံးဒီထဲမှာ ပိတ်မိနေပြီ။ ၁၅တပ်ဖွဲ့မှူးလည်း အလွတ်ရုံးသွားပြီ” ဟု ငိုရှိုက်သံဖြင့် ပြောထားသည်။

ဒဏ်ရာရသူအများအပြားလည်း ရှိ‌နေပြီး အသက်ကြီးသူအချို့လည်းတွေ့ရသည်။ အားလုံးလိုလိုသည် စစ်သုံးဦးထုပ်များ ဆောင်းထားသည်။

မောင်တောမြို့သိမ်းတိုက်ပွဲကို AAက သြဂုတ်၄ ရက်မှစတင်ခဲ့သည်။ အောက်တိုဘာလအထိ တိုက်ပွဲများတွင် နခခ(၅)မှလွဲ၍ကျန် စခန်းများကိုသိမ်းယူထားနိုင်ခဲ့သည်။

စစ်‌ကောင်စီက နခခ (၅) ကို လေကြောင်းမှတစ်ဆင့် လက်နက်၊ လူ၊ ရိက္ခာများ ပို့ပြီး မြို့ပေါ်ရပ်ကွက်များကို လေကြောင်းမှတိုက်ခိုက်ကာ ခုခံနေခဲ့သည်။ AAကလည်း နခခ(၅) ကို သိမ်းယူရေး အပြင်းအထန်ထိုးစစ်ဆင်နေကြောင်း ရခိုင်စစ်ရေးသတင်းများနှင့်အတူ မကြာခဏ ထုတ်ပြန်ပေးခဲ့သည်။

ပြီးခဲ့သည့်သြဂုတ်လမှ အောက်တိုဘာလအထိ မောင်တောမြို့ပေါ်တိုက်ပွဲများတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘင်္ဂလား ဒေ့ရှ်နိုင်ငံဘက်သို့ စက်လှေများဖြင့် ထွက်ပြေးခိုလှုံခဲ့ကြသည့်ဖြစ်ရပ်များလည်းရှိခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ဘဘက်ကလက်မခံဘဲ မောင်းလွှတ်၍ နတ်မြစ်နှင့် ထိစပ်နေသော ပင်လယ်ဝ၌ မျောနေခဲ့ကြသည်။ တိုက်ပွဲများအတွင်းထွက်ပြေးသည့် စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်ရှစ်ရာကျော်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့သည်။

AAက မောင်တောမြို့သိန်းတိုက်ပွဲနှင့်ပတ်သက်၍ ဒီဇင်ဘာလ ၆ရက်ညက ကထုတ်ပြန်ချက်တွင် နခခ(၅)စခန်းအတွင်းမှ ခုခံနေသော ရန်သူများအဖို့ ဝေဟင်မှ ခဲယမ်း၊ ရိက္ခာများ ဖြည့်တင်းပေးရုံမှလွဲ၍ ကုန်းလမ်း၊ ရေလမ်းမှ မည်သည့်စစ်ကူမျှ လာရောက်ဖြည့်တင်းပေးနိုင်သော အခြေအနေမျိုး မဟုတ်သောကြောင့်မကြာမီသိမ်းပိုက် ရရှိနိုင်တော့မည်ဟု ထုတ်ပြန်ခဲ့သည်။ ယခု‌နောက်ဆုံးအခြေနေကို AAက ထုတ်ပြန်ခြင်းမရှိသေးပေ။

​မောင်​တောမြို့နယ်တွင်​နောက်ဆုံးကျန်​သော နခခ ၅ ကို အာရက္ခတပ်​တော်က ဒီဇင်ဘာ ၇ ရက်တွင် သိမ်းပိုက်နိုင်ခဲ့​ကြောင်း စစ်​ရေးရင်းမြစ်အချို့က​ပြောသည်။ ထို​ကြောင့် AA သည် ဘူးသီး​တောင်မြို့နယ် ၊​မောင်​တောမြို့နယ်တို့ကို အလုံးစုံသိမ်း
ပိုက်နိုင်ပြီဖြစ်၍ မြန်မာ-ဘဂ်လား​ဒေရှ်နယ်စပ်​ဒေသတ​လျှောက်ကိုထိန်းချုပ်နိုင်ပြီလည်းဖြစ်သည်။

နခခ (၅) စခန်းသိမ်းတိုက်ပွဲတွင် ​စစ်တပ်ဘက်မှသေဆုံးဒဏ်ရာရသူ ၊ ထွက်​ပြေးသူ ၊လက်နက်ချသူ အလွန်များပြားခဲ့ပြီးလက်နက်ခဲယမ်းအများအပြားရရှိခဲ့​ကြောင်း ၎င်းတို့က​ပြောသည်။

ထိုအပြင် ရိက္ခာပြတ်၍ အစာငတ်​သေဆုံး​သော စစ်​ကောင်စီတပ်ဖွဲ့ဝင်များစွာရှိသည်ဟုလည်းစစ်​ရေးရင်းမြစ်အချို့က​ပြောသည်။

နခခ(၅)တွင် ပိတ်မိ​နေ၍ အကူအညီ​တောင်း​သောစစ်သားများ၏ ဇာတ်သိမ်းက မည်သို့ဖြစ်ခဲ့သည်ကို မသိရ​သေး​ပေ။ ရုပ်သံဖိုင် ရိုက်ကူးခဲ့သည်မှာတစ်လပင်ရှိပြီဖြစ်သလို AA ကလည်း နခခ( ၅)ကိုသိမ်းပြီးဖြစ်၍ ထိုစစ်သားအုပ်စုထဲမှ ဘယ်နှစ်​ယောက် အသက်ရှင်လျက်ရှိ ၊မရှိ ဆိုသည်မှာလည်း မသိနိုင်​တော့​ပေ။

(​မောင်​တော နခခ (၅)တွင် ၃ လ​ကျော်ပိတ်မိ​နေသည်ဟု နိုဝင်ဘာ ၈ ရက်တွင် ရုပ်သံရိုက်ကူးအကူအညီ​တောင်းခဲ့​သောစစ်​ကောင်စီတပ်ဖွဲ့ဝင်များနှင့် AA သိမ်းပိုက်ပြီး​နောက် နခခ (၅ )ဆိုင်းဘုတ်၊အ​ဆောက်အအုံအချို့မြင်ကွင်း။)


Comments

Leave a Reply

Your email address will not be published. Required fields are marked *