ဒိုက်ဦးမြို့နယ်၊ ခလရ ၃၀ မှ ရှေ့တန်းထွက် စစ်သားများ သေဆုံးမှုများပြားနေသဖြင့် သင်္ချိုင်းကုန်းကို ခြံစည်းရိုးခတ်၍ ယတြာချေ
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောကျေးရွာတွင် အခြေစိုက်ထားသော ခလရ ၃၀ တပ်ရင်းတွင် ရှေ့တန်းထွက် စစ်သားများ ထွက်ပြေး ခြင်း၊ ကျဆုံးခြင်းနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရမှုများ များပြားနေသဖြင့် တပ်ရင်းမှူးက သင်္ချိုင်းကုန်းကို ခြံစည်းရိုးခတ်၍ ယတြာချေခိုင်းနေကြောင်း တပ်တွင်းသတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ပြောဆိုသည်။
အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ဖြစ်သော ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောကျေးရွာအခြေစိုက် ခလရ ၃၀ တပ်ရင်းတွင် စစ်သား သေဆုံးမှုများ မြင့်တက်လာနေသဖြင့် ပဲခူးမြို့နယ်၊ ရွာသစ်ရှိ ကိုင်းတာကြီး သင်္ချိုင်းကို အိပ်မက်အရ သွားရောက် ခြံစည်းရိုးခတ်၍ ယတြာချေရကြောင်း သိရှိရသည်။
“တပ်ရင်းမှူး ကတော်ကို အိပ်မက်ပေးတယ်။ ခလရ ၃၀ ၊ အသမ(အသက်မွေးဝမ်းမှုသင် တန်းကျောင်းတပ်)၊ အပတ(အင်အားဖြည့်တင်းရေးနှင့်ပြန်လည်နေရာချထားရေးတပ်) တပ်တွေထဲမှာ ဖျားနာ သေဆုံးတာ၊ တိုက်ပွဲမှာလည်း ရှေ့တန်းထွက်တွေ သေဆုံးတာများတော့ ပဲခူးမြို့နယ် ရွာသစ် ကိုင်းတာကြီး သင်္ချိုင်းကုန်းကို ယတြာအနေနဲ့ ခြံစည်းရိုးသွားခတ်ခိုင်းတယ်။ အဓိက တပ်ထဲ လက်ရှိနေသူအများစုက မသန်စွမ်းတွေဖြစ်နေတာနဲ့ ရှေ့တန်းမှာ အကျအဆုံးများနေတာတွေ ရပ်စေဖို့ ယတြာအဖြစ် လုပ်ရတာပါ” ဟု တပ်တွင်းသတင်းရင်းမြစ်က ရှင်းပြသည်။
တပ်ရင်းမှူးကတော်၏ အိပ်မက်အရ သင်္ချိုင်းကုန်းကို ခြံစည်းရိုးခတ် ယတြာ ချေရာတွင် တပ်တွင်းမှ တပ်မိသားစုများနှင့် ဒေသပြည်သူများကို လုပ်အားပေးအဖြစ် ဆင့်ခေါ်ခိုင်းကြောင်း သိရှိရသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း ခလရ ၃၀ တပ်မှ အရာရှိတချို့ ဦးဆောင်၍ စစ်သား ၄၀ ကျော်ထွက်ပြေးသွားခဲ့ပြီး ရှေ့တန်းတွင်လည်း စစ်သားများ ဆယ်ဂဏန်းအထက် သေဆုံးခဲ့ကြကြောင်း သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်၏ ဝါဒဖြန့် ဆိုင်းဘုတ်တပ်ဆင်ထားသော စစ်တပ် တပ်ရင်းတစ်ခု၏ မုခ်ဦး အဝင်အ၀။
Leave a Reply