အာဏာရှင် ဆီးရီးယားသမ္မတ လေယာဉ်ဖြင့်ထွက်ပြေး

တော်လှန်ရေးတပ်ဖွဲ့များ ချီတက်ပြီး ဆီးရီးယားနိုင်ငံ ခေတ်အဆက်ဆက် အုပ်ချုပ်လာတဲ့ အာဏာရှင်လက်အောက်မှ လွတ်မြောက်ဟုဆို‼️

အာဏာရှင် အာဆတ်ထွက်ပြေးပြီးဆီးရီးယားအစိုးရပြိုလဲ

တော်လှန်ရေးတပ်တွေ ဒမတ်စကက်ကိုဝင်ရောက်

ဆီးရီးယား တော်လှန်ရေး တပ်တွေဟာ မြို့တော် ဒမတ်စကက်ထဲ စတင် ဝင်ရောက်နေပြီဖြစ်ပြီးအဏာရှင် အာဆတ်ရဲ့ဆီးရီးယား အစိုးရ ကျဆုံးပြီလို့ နိုင်ငံတကာ မီဒီယာတွေက ဖော်ပြနေပါတယ်။

ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆတ်ဟာ အခုအခါ ဒမတ်စကက် မြို့တော်မှာ မရှိတော့ဘဲ ထွက်ပြေးသွားပြီလို့လည်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ တော်လှန်ရေး တပ်တွေက ဒမတ်စကက်ကို စတင် ဝင်ရောက်နေပြီဆိုတာ အတည်ပြုခဲ့ပြီး ဒမတ်စကက်ဟာ အာဆတ်ရဲ့ ထိန်းချုပ်မှုအောက်က လွတ်မြောက်သွားပြီလို့ ကြေညာခဲ့ပါတယ်။

အာဆတ်ရဲ့ မိသားစုဟာ လက်ရှိ သမ္မတရဲ့ ဖခင်ဖြစ်သူ ဟာဖက်ဇ် အယ်လ်အာဆတ် လက်ထက်ကစပြီး ဆီးရီးယားကို နှစ်ပေါင်း ၅၀ ကျော် ကြီးစိုး အုပ်ချုပ်နေခဲ့တာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်က စတင်ခဲ့တဲ့ ပြည်တွင်းစစ်မှာ ရုရှား၊ အီရန်တို့ရဲ့ အထောက်အပံ့ ပေးမှုနဲ့အတူ အာဆတ်ဟာ တော်လှန်ရေး အင်အားစုတွေကို ချိုးနှိမ်နိုင်ခဲ့ပေမယ့် နိုဝင်ဘာ လကုန်နဲ့ ဒီဇင်ဘာ လဆန်းတွေမှာတော့ နိုင်ငံ အနောက်မြောက်ပိုင်းနဲ့ တောင်ပိုင်းတွေကနေ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ရုတ်တရက် ထိုးစစ်ဆင်လာမှုမှာတော့ အငိုက်မိသွားခဲ့တာပါ။

ဆီးရီးယား ဝန်ကြီးချုပ် မိုဟာမက် ဂါဇီဂျာလာလီကတော့ အစိုးရဟာ အတိုက်အခံတွေဆီ အာဏာလွှဲအပ်ပေးပြီး ကြားကာလ အစိုးရသစ်တစ်ခု အောင်အောင်မြင်မြင် ဖွဲ့စည်းနိုင်အောင် ကူညီပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဝန်ကြီးချုပ် ဂျာလာလီက ဗီဒီယို ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ရာမှာ အခုလောလောဆယ် အိမ်တစ်လုံးထဲမှာ ရှိနေကြောင်း၊ သူဘယ်ကိုမှ သွားမှာ မဟုတ်ကြောင်း၊ သူဟာ ဆီးရီးယားနိုင်ငံနဲ့ သက်ဆိုင်သူ တစ်ဦးဖြစ်ကြောင်း ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။

သူက ဒီဇင်ဘာ ၉ ရက်နေ့ မနက်ကျရင် ပုံမှန်အတိုင်း ရုံးတက်မှာ ဖြစ်တယ်လို့လည်း ကြေညာခဲ့ပြီး ရှုပ်ထွေးနေတဲ့ ကာလအတွင်း အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေကို ဖျက်လိုဖျက်ဆီး မလုပ်ကြဖို့လည်း လူထုကို မေတ္တာရပ်ခံခဲ့ပါတယ်။

ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (SOHR)ရဲ့ အရာရှိ တစ်ဦးဖြစ်သူ ရာမီ အက်ဘ်ဒူရာမန်က အာဆက်ဟာ ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းတုန်းက ဒမတ်စကက်ကနေ လေယာဉ်နဲ့ အမည်မသိ နေရာတစ်ခုဆီ ထွက်ခွာသွားတယ်လို့ ပြောကြားခဲ့ပါတယ်။

အာဆတ်ကို နှစ်ရှည်လများ မဟာမိတ်အဖြစ် ပံ့ပိုး ကူညီနေခဲ့တဲ့ အီရန်နိုင်ငံရဲ့ အစိုးရ ရုပ်မြင်သံကြား ဌာနကလည်း အာဆတ်ဟာ ဒမတ်စကက်ကို စွန့်ခွာသွားပြီလို့ ဖော်ပြခဲ့ပါတယ်။

ဆီးရီးယား အစိုးရကတော့ နိုင်ငံပိုင်နက်ထဲမှာ အာဆတ် ရှိနေသေးသလား ဆိုတာကို တိတိကျကျ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ဒမတ်စကက်မှာ ရှိနေတဲ့ AP သတင်းထောက်ကတော့ မြို့တော်ဆီ ဆက်သွယ်ရာ အဓိက လမ်းမကြီးပေါ်မှာ ချီတက်လာတဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ အများအပြားကို တွေ့ခဲ့ရပြီး သေနတ်သံတွေကိုလည်း ကြားနေခဲ့ရတယ်လို့ သတင်းပေးပို့ခဲ့ပါတယ်။

မြို့ထဲက အဓိက ပင်မရဲဌာနမှာ ရဲဝန်ထမ်းအားလုံး ထွက်ပြေးသွားပြီလို့ ယုံကြည်ရပြီး ဟောင်းလောင်းပွင့်နေသလို လူသူကင်းမဲ့နေတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ မြို့ခံတွေက အဝေးက ပေါက်ကွဲသံတွေ၊ သေနတ်သံတွေကို ကြားနေခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ဒါဟာ ၂၀၁၈ နောက်ပိုင်း တော်လှန်ရေး အင်အားစုတွေက ပထမဆုံးအကြိမ် ဒမတ်စကက်ကို ပြန်လည် ချဉ်းကပ်လာနိုင်ခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ အတိတ်တုန်းကလို ဆီးရီးယား အစိုးရတပ်တွေက မြို့ကို ပြန်ထိန်းချုပ်နိုင်ခြေ မရှိတော့ပါဘူး။

အစိုးရကို ထောက်ခံတဲ့ Sham FM ရေဒီယိုကတော့ ဒမတ်စကက် လေဆိပ်မှာ အရေးပေါ် ရွှေ့ပြောင်းမှုတွေ စတင်နေပြီး လေယာဉ်ခရီးစဉ် အားလုံး ရပ်ဆိုင်းနေတယ်လို့ ဖော်ပြသွားပါတယ်။

တော်လှန်ရေး အင်အားစုတွေဟာ နိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ အေလက်ပိုကို ရက်အနည်းငယ်အတွင်း သိမ်းယူနိုင်ခဲ့တဲ့နောက် နိုင်ငံရဲ့ တတိယ အကြီးဆုံးမြို့ဖြစ်တဲ့ ဟုမ်းစ်ကိုလည်း အခုသီတင်းပတ်ကုန်မှာ သိမ်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နိုင်ငံ အနောက်မြောက်ပိုင်းကနေ စတင်ချီတက်လာတဲ့ တော်လှန်ရေး တပ်တွေဟာ ဒမတ်စကက်ထိ လမ်းပွင့်သွားခဲ့ တစ်ချိန်တည်းမှာပဲ နိုင်ငံတောင်ပိုင်းက တော်လှန်ရေး အင်အားစုတွေကလည်း ဒမတ်စကက်ဆီ အပြင်းချီတက်လာခဲ့ပါတယ်။

အာဆတ် အစိုးရ ပြုတ်ကျစေနိုင်လောက်အောင် အားကောင်းတဲ့ အလစ်အငိုက် ထိုးစစ်ဆင်မှုကို ဦးဆောင်ခဲ့တာဟာ ဟာယတ် တာဟ်ရီ အယ်လ်ရှမ် (HTS) တပ်ဖွဲ့ပြီး အယ်လ်ကိုင်ဒါနဲ့ ဆက်နွှယ်မှုရှိကြောင်း စွပ်စွဲချက်နဲ့ အမေရိကန်၊ ကုလသမဂ္ဂတို့က အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားကြောင်းလည်း သိရပါတယ်။

ကိုးကား: AFP

(ဆီးရီးယား​တော်လှန်​ရေးတပ်ဖွဲ့ဝင်​​တွေ/ အာဏာရှင်​အောက်မှ လွတ်​မြောက်မှုအတွက်
ဒမတ်စကက်မြို့မှာ​အောင်ပွဲခံ​နေတဲ့ပြည်သူ​တွေ/ အာဆတ်ရဲ့ဓါတ်ပုံ။
ဓါတ်ပုံ-AFP ၊ Getty Images)


Comments

Leave a Reply

Your email address will not be published. Required fields are marked *