လာမယ့် ၂၀၂၅ ခုနှစ်အတွင်း ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲကို ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကာလကအတိုင်း စောင့်ကြည့်လေ့လာခွင့် စံနှုန်းနဲ့အညီ ခွင့်ပြုသွားမယ်လို့ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ပြောလိုက်ပါတယ်။
ဒီဇင်ဘာလ ၇ ရက်နေ့က နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်ရုံးမှာ နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ တွေ့ဆုံချိန်မှာ ပြောခဲ့တာပါ။
ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေအနေနဲ့ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒ အမိန့်ညွှန်ကြားချက်တွေကို စောင့်ကြည့်တာ၊ မဲလက်မှတ်တွေ ရိုက်နှိပ်တာကို လေ့လာစောင့်ကြည့်တာ၊ ရွေးကောက်ပွဲ ကန့်ကွက်လွှာ၊ အမှုတွေကို စစ်ဆေးတာ၊ ဆုံးဖြတ်တာ စတဲ့ အချက်တွေကို စောင့်ကြည့်လေ့လာခွင့် စံနှုန်းနဲ့အညီ ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ စောင့်ကြည့်ခွင့်မပြုဘဲ လေ့လာခွင့်သာ ခွင့်ပြုခဲ့တယ်လို့ ဦးကိုကိုက ပြောပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ သိက္ခာရှိတဲ့ ရွေးကောက်ပွဲနဲ့ သိက္ခာရှိတဲ့ လွှတ်တော်တစ်ရပ်ကို ဖော်ဆောင်ပေးနိုင်ရေး ကြိုးပမ်းသွားမယ်လို့လည်း ဆိုပါတယ်။
ဒီတွေ့ဆုံပွဲကို ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီတို့အပါအဝင် မှတ်ပုံတင်ခွင့်ရထားတဲ့ ပါတီ ၅၃ ပါတီက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ တရုတ်ပြည်ခရီးစဉ်မှာလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပြီး နိုင်ငံတကာ အကဲခတ်တွေကိုလည်း ဖိတ်ခေါ်မယ်လို့ တရုတ်ကို ပြောခဲ့ပါတယ်။
လက်ရှိ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၅၃ ပါတီရှိပြီး စိစစ်ဆဲပါတီ တစ်ပါတီရှိပါတယ်။ စစ်ကောင်စီ ကျင်းပမဲ့ ရွေးကောက်ပွဲကို ရုရှား နဲ့ တရုတ်က ထောက်ခံပေမဲ့ အာဏာရှင်ဆန့်ကျင်တော်လှန်နေတဲ့ ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ စစ်အာဏာသိမ်းတာကို ကန့်ကွက်တဲ့ ပြည်ပနိုင်ငံတွေကတော့ ကန့်ကွက်နေကြတာဖြစ်ပါတယ်။
၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်ရုံးမှာပြုလုပ်သည့် နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲကော်မရှင် တွေ့ဆုံချိန်ပွဲတွင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုအားတွေ့ရစဉ်။ (Photo : MRTV)
Leave a Reply