ထိုင်းတွင် မြန်မာလုပ်သား ၄၀၀ အထက်ရှိ လုပ်ငန်းခွင်များသို့ စစ်ကောင်စီသံရုံးက ကွင်းဆင်းပြီး နိုင်ငံကူးလက်မှတ်နှင့် CI လုပ်ပေးမည်ဟု ကြေညာ

ထိုင်းတွင် မြန်မာလုပ်သား ၄၀၀ အထက်ရှိ လုပ်ငန်းခွင်များသို့ စစ်ကောင်စီသံရုံးက ကွင်းဆင်းပြီး နိုင်ငံကူးလက်မှတ်နှင့် CI လုပ်ပေးမည်ဟု ကြေညာမှု အခွန်ငွေ ရရှိရေးနှင့် ကိုယ်ရေးအချက်အလက် ကောက်ယူမှုဖြစ်၍ အထူးသတိထားရန် လိုအပ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးက မြန်မာအလုပ်သမား ၄၀၀ အထက်ရှိ လုပ်ငန်းခွင်များသို့ ကွင်းဆင်း၍ နိုင်ငံကူးလက်မှတ်နှင့် CI များ သက်တမ်းတိုးရေး ဆောင်ရွက်ပေးမည်ဟု ကြေညာလာမှုမှာ အခွန်ငွေအလုံးအရင်းနှင့် ရရှိရေး၊ ထိုင်းရောက် မြန်မာများ၏ ကိုယ်ရေးအချက်အလက်များရရှိရေး ကြိုးပမ်းချက်ဖြစ်၍ သတိထားရန်လိုအပ်ကြောင်း Myanmar Humanitarian Action Centre အဖွဲ့၏ တာဝန်ခံ အေအေစီ ကိုရဲမင်းက ပြောကြားသည်။

ထိုင်းနိုင်ငံမှ စက်ရုံ အလုပ်ရုံနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် နိုင်ငံကူးလက်မှတ်နှင့် CI သက်တမ်းတိုးရမည့် မြန်မာအလုပ်သမား ၄၀၀ ဦးနှင့်အထက်ရှိပါက သက်တမ်းတိုးခြင်းနှင့်အသစ်လုပ်ပေးခြင်းကို စစ်ကောင်စီ၏ သံရုံး Mobile Team ဖြင့် ဆောင်ရွက်ပေးမည်ဟု ဒီဇင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

စစ်ကောင်စီသံရုံးက ကွင်းဆင်းရန်အတွက် စက်ရုံ၊ အလုပ်ရုံများမှ မြန်မာအလုပ်သမားများအနေဖြင့် အလုပ်သမားစာရင်းကို သတ်မှတ်ပုံစံဖြည့်ကာ လုပ်ငန်းခွင် HR မန်နေဂျာ ထောက်ခံချက်နှင့်အတူ မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ရုံးတို့သို့ တင်ပြရမည်ဖြစ်ကြောင်း သိရှိရသည်။

“စေတနာရှိလွန်းလို့ လုပ်ပေးတာ မဟုတ်ဘူး။ အရင်ခေတ်အဆက်ဆက် အခွန်ကောက်တာမျိုး မရှိဘဲ အခုမှ အခွန်ကို အလုံးအရင်းနဲ့ ရအောင် လုပ်နေတာ ။ တွက်ကြည့်လေ အလုပ်သမားတစ်ယောက်ကို တစ်လ ၁၅၀ နဲ့ စာအုပ်ကြေးဘာညာနဲ့ဆို တစ်ယောက်စီက ၃၀၀၀ ကျော် ၄၀၀၀ လောက် ရမှာ။ စစ်ကောင်စီအာဏာသိမ်းပြီးနောက်မှာ မြန်မာသံရုံးက ပိုအတင့်ရဲလာပြီး လက်ကိုင်တုတ်ဖြစ်လာတာ။ အခွန်တွေကောက်၊ စာအုပ်ခ‌ ၊ ထောက်ခံစာထုတ်ပေးရင်တောင် အခွန်ကောက်နေတာ။ ၁၈၀၀ ဘတ်လည်း ကောက်ဖို့ လုပ်ပြီးမှ အချင်းချင်းတိုင်ကြလို့ ပျက်စီးသွားတာ။ ဘာမှ ကျေးဇူးတင်စရာမရှိဘူး” ဟု Myanmar Humanitarian Action Centre အဖွဲ့၏ တာဝန်ခံ အေအေစီ ကိုရဲမင်းက ပြောဆိုသည်။

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများတွင် သက်တမ်း ၄ နှစ်ပြည့်၍ ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးရမည့် အလုပ်သမား ၁၇ သိန်းကျော်ရှိကြောင်း၊ အဆိုပါ အလုပ်သမားများ၏ သက်တမ်းတိုးခြင်း ကိစ္စသည် ထိုင်းအာဏာပိုင်များနှင့် ထိုင်းလဝကများက လုပ်ဆောင်ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးနှင့် မသက်ဆိုင်ကြောင်း၊ အေအေစီ ကိုရဲမင်းက ပြောဆိုသည်။

စစ်ကောင်စီက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမည့် အလုပ်သမား ၄၀၀ အထက် စက်ရုံအလုပ်ရုံများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် Mobile Team ပုံစံဖြင့် ကွင်းဆင်း စာအုပ်အသစ်လုပ်ဆောင်ပေးမည်ဆိုသည်မှာလည်း အခွန် ရရှိရေးနှင့် ကိုယ်ရေး အချက်အလက်များ ကောက်ယူရေး ကြိုးပမ်းခြင်းဖြစ်ကြောင်း ထိုင်းရောက် မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသူများထံမှ သိရှိရသည်။

“အခု စစ်တပ်က ဘယ်နေရာမှာ မြန်မာ ဘယ်လောက်ရှိလဲ။ CDM တွေလား၊ စစ်မှုမထမ်းချင်လို့ ပြေးတဲ့ လူငယ်တွေလား။ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ် ဘယ်နှစ်ဦး ထိုင်းရဲ့ ဘယ်နေရာတွေမှာ ရောက်နေလဲ သူတို့ အဲဒါကို အရမ်းစိတ်ဝင်စားနေတာ။ ပြည်ပရောက် မြန်မာတွေကိုလည်း မြန်မာပြည်ပြန်ပြီး စစ်မှုထမ်းခိုင်းချင်တယ်။ ထိုင်းမှာရောက်နေတဲ့ တော်လှန်ရေးသမားတွေရဲ့ အချက်အလက်တွေကိုလည်း လိုချင်တယ်။ CDM တွေကိုလည်း ရှာချင်တာကြောင့် ဒါကိုပဲ စစ်တပ်သံရုံးက တစိုက်မတ်မတ် လုပ်နေတာပါ” ဟု ချင်းမိုင်အခြေစိုက် မြန်မာအလုပ်သမားများ ကူညီနေသူတစ်ဦးက ရှင်းပြသည်။

ဓာတ်ပုံ- ထိုင်းနိုင်ငံ၊ စစ်ကောင်စီ မြန်မာသံရုံးရှေ့ တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *