ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် စစ်အရာရှိကြီးတချို့ကို AA က အရှင်လက်ရ ဖမ်းဆီးရရှိထား

မောင်တော၊ နခခ ၅ မှ ထွက်ပြေးသွားသော စကခ ၁၅ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် စစ်အရာရှိကြီးတချို့ကို AA က အရှင်လက်ရ ဖမ်းဆီးရရှိထား

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ နခခ ၅ စခန်းမှ ထွက်ပြေးသွားသော စကခ ၁၅ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် စစ်အရာရှိကြီးတချို့ကို AA က ဖမ်းဆီးရရှိထားကြောင်း AA၏ ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းတွင် ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် စစ်အရာရှိကြီးတချို့ကို AA က လက်ရ ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ အဆိုပါ အရာရှိကြီးများကို လာရောက် ကယ်ဆယ်သော ARSA အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် ဖမ်းဆီး ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဖမ်းဆီးရရှိတဲ့အထဲမှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့ အကြီးပိုင်း အရာရှိ ၂ ဦး၊ ၃ ဦးပါတယ်။ အာဆာနဲ့ တိုက်ပွဲဖြစ်ပြီးတော့ ဖမ်းဆီးရရှိတာပါ။ အရှင်ဖမ်းဆီးရရှိထားပါတယ်။” ဟု AA သတင်းရင်းမြစ်က ဆိုသည်။

ဒီဇင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင် AA က မောင်တောမြို့နယ်ရှိ နောက်ဆုံး လက်ကျန် စစ်တပ်စခန်းဖြစ်သော နခခ ၅ ကို သိမ်းပိုက်ပြီးနောက် မောင်တော တစ်မြို့နယ်လုံးတွင် စစ်တပ်ကင်းစင်ကာ AA ၏ ထိန်းချုပ်မှုအောက်သို့ အပြည့်အ၀ ရောက်ရှိသွားပြီဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *