အမှတ်(၆)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ သင်တန်းသား ၄၀ ထွက်ပြေး၊ ၂၄ ဦး လွတ်မြောက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာရှိ အမှတ်(၆)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ သင်တန်းသား ၄၀ ဦးထွက်ပြေးခဲ့ရာ ၂၄ ဦး လွတ်မြောက်ခဲ့ပြီး ၁၆ ဦး ပြန်လည်ဖမ်းဆီးခံခဲ့ရကြောင်း စစ် ကောင်စီနှင့်နီးစပ်သူများက ပြောသည်။

ဒီဇင်ဘာလ ၇ ရက် ည ၁၁ နာရီ ၃၀ မိနစ်ခန့်က အမှတ်(၆)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ စစ်မှုထမ်း ဥပဒေဖြင့် စစ်သားစုဆောင်းခံထားရသည့် သင်တန်းသား ၄၀ ဦး ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ လေ့ကျင့်ရေးတပ်မှထွက်ပြေးလာသူများအနက် ၂၄ ဦး လွတ်မြောက်ခဲ့သော်လည်း ၁၆ ဦးမှာ အနောက်တောင်တိုင်းစစ်ဌာနချုပ်အနီးရှိ ဇင်ပြွန်းကုန်းကျေးရွာအုပ်စု၊ တောင်ယာကုန်းကျေးရွာအတွင်း သို့ထွက်ပြေးခဲ့ရာတွင် စစ်တပ်ထောက်ခံသူတဦး၏တိုင်ကြားမှုကြောင့် ပြန်လည်ဖမ်းဆီးခံခဲ့ရသည်ဟု စစ်ကောင်စီနှင့် နီးစပ်သူက ပြောသည်။

ဖမ်းဆီးခံရသည့် ၁၆ ဦးအနက် တဦးမှာ၏ အမျိုးသမီးဖြစ်သူနှင့် တနှစ်ကျော်ခန့်အရွယ် ကလေးငယ်တဦး ပါဝင်ကြောင်း သိရသည်။

ထွက်ပြေးသည့် သင်တန်းသားများအားတွေ့ရှိသည့် စစ်တပ်ထောက်ခံသူတဦးက အုပ်ချုပ်ရေးမှူးအား သတင်းပေးတိုင်ကြားခဲ့ပြီးနောက် ပုသိမ်မြို့မှ ထွေအုပ်ဝန်ထမ်းများနှင့် ရဲများရောက်ရှိလာပြီး ပြန်လည် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“အဲဒီအနားကရွာတွေမှာ စစ်မှုထမ်းဟောင်းတွေနဲ့ စစ်တပ်ထောက်ခံသူတွေ အတော်များတယ်။ သူတို့က (ဖမ်းဆီးခံရသူများ)အဲဒီရွာထဲကို ဝင်ပြေးတာ။ ရွာသားတွေက ညဘက်တွေ့တော့ တိုင်တာပေါ့။ ပြီးတော့ စစ်သားတွေပါရောက်လာပြီး တခါတည်း စစ်တပ်ထဲကို ပြန်ဖမ်းခေါ်သွားတယ်”ဟု ၎င်းက ဆိုသည်။

ထွက်ပြေးလာသူများမှာ စစ်မှုထမ်းအပတ်စဥ်(၆) သင်တန်းဆင်းထားပြီးသူများဖြစ်ပြီး မကြာမီ ရှေ့တန်း ထွက်ရမည့်သူများဖြစ်ကြောင်းနှင့် စစ်ကောင်စီတပ်ကပေးသည့်လစာ စတင်ရရှိနေသူများဖြစ်ကြောင်း ဆက်ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံခဲ့ရသည့် ၁၆ ဦးအား မည်ကဲ့သို့ ပြစ်ဒဏ်များပေးကာ စစ်ဆေးနေသည်ကို မသိရ ကြောင်းနှင့် ၂၄ ဦးမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သူက ပြောသည်။

“နတခ(အနောက်တောင်တိုင်း စစ်ဌာနချုပ်)နားကတပ်တွေမှာ အင်အားသိပ်မရှိတော့ဘူး၊ လေ့ကျင့်ရေး (၆)မှာလည်း သက်ကြီးပိုင်းစစ်သားတွေပဲရှိတော့တယ်” ဟု ပုသိမ်မြို့တွင် နေထိုင်သူတစ်ဦးကပြောသည်။

မြန်မာနိုင်ငံရှိ အရွယ်ရောက်ပြီးသူ အမျိုးသား၊ အမျိုးသမီးတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေ ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်တွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

စစ်မှုထမ်းသင်တန်းသားခေါ်ယူမှုကို ၂၀၂၄ ခုနှစ် ဧပြီလတွင် စတင်ဆောင်ရွက်ခဲ့ပြီး သင်တန်းအပတ်စဉ် တခုလျှင် အင်အား ၅,၀၀၀ နှုန်းဖြင့် တနှစ်လျှင် အင်အား ၆၀,၀၀၀ နှုန်း ခေါ်ယူရန် စီစဉ်ထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စစ်မှုထမ်းဥပဒေထွက်လာပြီးနောက် လူငယ်များမှာ စစ်ကောင်စီလက်မှလွတ်မြောက်ရန် နည်းလမ်းမျိုးစုံ ဖြင့်ထွက်ပြေးကြပြီး တော်လှန်ရေးတပ်ဖွဲ့များသို့ဝင်ရောက်သည့်လူငယ်များလည်းရှိသလို၊ ပြည်ပသို့ထွက် ပြေးတိမ်းရှောင်သည့် လူငယ်များလည်း ရှိနေသည်။

လက်ရှိတွင် ဧရာဝတီတိုင်းမှ အသက် ၁၈ မှ ၃၅ နှစ်အတွင်း အမျိုးသားဦးရေ ထောင်ချီသည် စစ်ကောင်စီ ၏ စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းခံရပြီး စစ်သင်တန်းတက်ခြင်းများ၊ ရှေ့တန်းထွက်ခြင်းများ ပြုလုပ်နေကြရသည်ဟု တော်လှန်ရေးအဖွဲ့များ၏ ဖော်ပြချက်များအရ သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *