စစ်တပ်က ပြည်သူများကို ဖမ်းဆီးပြီး စစ်ဝတ်စုံ ဝတ်ခိုင်း၍ စစ်ကြောင်းရှေ့မှ သွားလာခိုင်း
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်နှင့် သာယာဝတီခရိုင်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ ၂ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ပြည်သူများကို ဖမ်းဆီးကာ စစ်ဝတ်စုံ ဝတ်ခိုင်း၍ စစ်ကြောင်းရှေ့မှ သွားလာခိုင်းကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဒီဇင်ဘာလ ၈ ရက်နေ့မှစ၍ သာယာဝတီခရိုင်အတွင်း စစ်ကြောင်း ၅ ကြောင်းဖြင့် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာ၍ လက်နက်ကြီး၊ ဒရုန်းများဖြင့် ကျေးရွာများကို ဆက်တိုက်ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ နတ်တလင်းမြို့နယ်၊ ဆီဆုံကုန်းရွာဘက်ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များလည်း တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေပြီး ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့ထိ တိုက်ပွဲပြင်းထန်နေကြောင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားသောကြောင့် စစ်ကောင်စီ တပ်သားများက ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ပစ်ခတ် တိုက်ခိုက်နေကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် စစ်ကြောင်းထိုးရာ လမ်းတစ်လျောက်ရှိ ပြည်သူများကို ဆက်တိုက်ဖမ်းဆီးပြီး စစ်ဝတ်စုံ ဝတ်ဆင်ခိုင်းကာ စစ်ကြောင်းရှေ့မှ သွားလာခိုင်းသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက တချို့ စစ်ကြောင်းများကို သတိကြီးစွာထား၍ တိုက်ခိုက်နေရကြောင်း သိရသည်။
လက်ရှိချိန်တွင် ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာထွက်ပြေးနေရပြီး အရေးပေါ် စားနပ်ရိက္ခာနှင့် အနွေးစောင်များ လိုအပ်ရှိကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည့် ကျေးရွာများကို ဝင်ရောက် စီးနင်းခြင်းမပြုမီ လက်နက်ကြီးများစွာဖြင့် ရွာထဲကို ပစ်ခတ်သောကြောင့် ပြည်သူများ လက်ဗလာဖြင့် ထွက်ပြေးနေရခြင်းဖြစ်ကြောင်း သိရှိရသည်။
“နတ်တလင်းဘက်မှာလည်း တိုက်ပွဲက အကြီးအကျယ်ဖြစ်နေတယ်။ သာယာဝတီခရိုင်ထဲက တခြားနေရာတွေလည်း ၂ ရက်ဆက်တိုက်ပွဲဖြစ်နေတယ်။ အုတ်ဖိုက ခွေးစစ်ကြောင်းကတော့ ရိုးမပေါ်တက်မလာဘူး။ တောင်ခြေက ရွာတွေမှာပဲ ပတ်မွှေနေတယ်။ သာယာဝတီခရိုင်ကို စခတွေဖိနေတယ်။ သာယာဝတီခရိုင်ထဲမှာ စစ်ခွေး စစ်ကြောင်း ၅ ခုနဲ့ ဖိနေတာ စစ်ခွေးတွေဘက်က ဒရုန်းနဲ့ လက်နက်ကြီးတွေပါတယ်။ သူတို့ဖမ်းထားတဲ့ ပြည်သူတွေကို စစ်ခွေး ယူနီဖောင်းဝတ်ခိုင်းပြီး ရှေ့ကနေသွားခိုင်းနေတော့ တော်လှန်ရေးအဖွဲ့တွေ တိုက်ခိုက်ဖို့အခက်တွေ့နေကြတယ်။ သာယာဝတီခရိုင်ထဲက တခြားနေရာကို ထိုးနေတဲ့ ခွေးစစ်ကြောင်းတွေနဲ့တော့ ၂ ရက်ဆက် တိုက်ပွဲဖြစ်ထားတယ်။ နတ်တလင်းကတော့ ဆီဆုံကုန်းရွာဘက်ကို လာတဲ့ ခွေး စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်နေတာ ဆီဆုံကုန်းရွာကတော့ တစ်ရွာလုံးပြေးနေရတယ်။ စစ်ခွေးတွေကတော့ ပြည်သူပိုင် ပစ္စည်းတွေကို စိတ်ကြိုက်ခိုးယူနေတာတွေရှိတယ်။ စစ်ရှောင်တွေ စားစရာမရှိဖြစ်နေတယ်။ အကုန်ပြေးနေရတာ ရွာလုံးကျွတ် တိုက်ပွဲကြောင့် ပြည်သူတွေ ဘာမှမယူနိုင်ကြဘူး။ စစ်ခွေးတွေဘက်က လက်နက်ကြီးတွေ ဆက်တိုက် ပစ်နေတော့ တချို့ဆို အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပြေးရတာ လက်ရှိဆောင်းကလည်းအေးနေတော့ စစ်ရှောင်တွေကို ကူညီလိုအပ်နေပါတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် အုတ်ဖိုမြို့နယ် ရိုးမအစပ်တွင် ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကလည်း ဒီဇင်ဘာလ ၈ ရက်နေ့ ည ၆ နာရီ ကျော်ခန့်တွင် ၀ါးဖြူချောင်းရွာနှင့် ချောင်းစောက်ရွာကို တပြိုင်တည်း မီးရှို့ဖျက်ဆီးပြီး လက်ရှိချိန်ထိ ရိုးမအစပ်တွင် ရှိနေသောကြောင့် တံငါကုန်းရွာ ၊ ကျွဲဖြူမရွာ ၊ တောင်ကုန်းရွာ၊ ကြို့ကိုးပင်ရွာ၊ ၀ါးဖြူချောင်းရွာ၊ ချောင်းစောက်ရွာနှင့် ရွာရှောင်ရွာ တို့မှ ထောင်နှင့်ချီသော ပြည်သူများ ဆက်လက် တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။
Leave a Reply