မင်းတပ်မြို့သိမ်းတိုက်ပွဲ ရက်ပေါင်း ၃၀ ကြာဆက်လက်တိုက်ပွဲဖြစ်

ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲကို ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် (Mindat)ပါဝင်သည့် ချင်းညီနောင်မဟာမိတ် တပ်များက နိုဝင်ဘာ ၉ရက်က စတင်ဆင်နွှဲခဲ့ရာ ယနေ့အထိ ရက်ပေါင်း ၃၀ကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း CDF မင်းတပ်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ယနေ့ (ဒီဇင်ဘာ ၉ရက်)တွင် ပြောသည်။

ချင်းညီနောင်မဟာမိတ်များသည် မင်းတပ်နှင့် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို နိုဝင်ဘာ ၉ရက်တွင် တပြိုင်တည်း စတင်ခဲ့ခြင်းဖြစ်သည်။

မြို့သိမ်းစစ်ဆင်ရေးများအတွင်း အောင်မြင်မှုများ ရရှိထားကြောင်း အသိပေး ထားသော်လည်း စစ်ရေးသတင်းများ ထပ်မံထုတ်ပြန်ခြင်းမရှိပေ။

စစ်ရေးသတင်းများကို လတ်တလော ပြောဆို၍ မရသေးဘဲ ပြောလို့ရသည့် အခြေအနေတွင် ပြောပြမည်ဟု ဆလိုင်းဟာအွမ်က ပြောသည်။

မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းပစ်ကူ အများအပြားအသုံးပြု ခုခံခဲ့ပြီး မင်းတပ်အခြေစိုက် ခလရ(၂၇၄)တပ်ရင်းသို့လည်း လေကြောင်းမှ လက်နက်ခဲယမ်းဖြည့်တင်းမှုများ ပြုလုပ်ခဲ့ဟု ဒေသခံသတင်းရင်းမြစ်က အသိပေးထားသည်။

ထို့ပြင် စစ်ကောင်စီတပ်များသည် မင်းတပ်မြို့ပေါ်ရှိနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများလည်း ကျူးလွန်ခဲ့ဟု ဆိုသည်။

CDFမင်းတပ် ရဲဘော်များအနေဖြင့် မင်းတပ်မြို့သိမ်းတိုက်ပွဲ အောင်မြင်အောင်ဆင်နွှဲမည်ဖြစ်ကြောင်း CDF မင်းတပ်က ယခုဒီဇင်ဘာ လဆန်းတွင် ကြွေးကြော်ထားပြီး အရေးတော်ပုံ ပြီးသည်အထိ တော်လှန်ရေး အောင်နိုင်သည်အထိ စွမ်းစွမ်းတမံ ကြိုးစားမည်ဖြစ်သည်ဟု အသိပေးထားသည်။

(မင်းတပ်မြို့ရှိ နေအိမ်များအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ကို နိုဝင်ဘာ နောက်ဆုံးပတ်က တွေ့ရစဉ်။ ဓာတ်ပုံ – Hkl-Mindat)

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top