အမှတ် ၇ အဆင့်မြင့် ဆက်သွယ်ရေးတပ်ရင်းမှ တပ်သား နောင်နောင်ဖြိုးကို စစ်ပြေးမှုဖြင့် တောင်ကြီးမြို့ အဆရ ၁၀ တပ်မှ စစ်သားများက ဝိုင်းဝန်းရိုက်နှက်သတ်ဖြတ်

လားရှိုးမှ ထွက်ပြေးလာသော အမှတ် ၇ အဆင့်မြင့် ဆက်သွယ်ရေးတပ်ရင်းမှ တပ်သား နောင်နောင်ဖြိုးကို စစ်ပြေးမှုဖြင့် တောင်ကြီးမြို့ အဆရ ၁၀ တပ်မှ စစ်သားများက ဝိုင်းဝန်းရိုက်နှက်သတ်ဖြတ်ပြီး ကျန်ရစ်သူ မိသားစုကို အသိမပေးဘဲ အလောင်းကို ခိုးသဂြိုလ်

ရှမ်းပြည်နယ်၊ လားရှိုးမှ ထွက်ပြေးလာသော အမှတ် ၇ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်းမှ တပ်သား နောင်နောင်ဖြိုးကို စစ်ပြေးမှုဖြင့် တောင်ကြီးအခြေစိုက် အမှတ် ၁၀ အဆင်မြင့်ဆက်သွယ်ရေးတပ်(အဆရ ၁၀) မှ စစ်သားများက ဝိုင်းဝန်းရိုက်နှက်သတ်ဖြတ်လိုက်ကြောင်း သေဆုံးသူ တပ်သားနောင်နောင်ဖြိုး၏ ကျန်ရစ်သူမိသားစုက ပြောဆိုသည်။

လားရှိုးအခြေစိုက် အမှတ် ၇ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း (အဆရ ၇) မှ တပ်သားနောင်နောင်ဖြိုးသည် ဇူလိုင်လ ၂၇ ရက်နေ့တွင် တပ်မှ ထွက်ပြေးလာခဲ့ကြောင်း၊ ယင်းနောက် ရန်ကုန်သို့ ထွက်ပြေးစဉ် အဖမ်းခံရပြီး တောင်ကြီးမြို့ အခြေစိုက် အမှတ် ၁၀ အဆင့်မြင့်ဆက်သွယ်ရေးတပ် (အဆရ ၁၀ ) ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်း ဖမ်းဆီးခံထားရသော ဆက်သွယ်ရေး တပ်သားနောင်နောင်ဖြိုးသည် အဆရ ၁၀ မှ ဗဟိုကင်းစောင့် တပ် သားကို ငွေကျပ် ၁ သောင်းပေး၍ ထွက်ပြေးခဲ့ကြောင်း၊ ယင်းနောက် အဆရ ၁၀ မှ စစ်သားများက ထွက်ပြေးသွားသော တပ်သား နောင် နောင် ဖြိုးကို လိုက်လံ ဖမ်းဆီးခဲ့ရာမှ ဒီဇင်ဘာလ ၄ ရက်နေ့ နေ့လယ်ပိုင်း တောင်ကြီးတွင်ပင် ပြန်လည် ဖမ်းဆီးရရှိခဲ့ကြောင်း၊ ယင်းနောက် အဆရ ၁၀ အတွင်းတွင် စစ်သားများက ပြန်လည် ဖမ်းဆီးရရှိသော တပ်သားနောင်နောင်ဖြိုးကို ၀ိုင်းဝန်း ရိုက်နှက်ခဲ့ရာမှ ဒီဇင်ဘာလ ၄ ရက်နေ့တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

အဆရ ၁၀ မှ စစ်သားများ၏ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် သေဆုံးသွားသော တပ်သား နောင်နောင်ဖြိုးအမှုကို စစ်တပ်က မူးယစ်ဆေးဝါး သုံးစွဲ၍ သေဆုံးသည်ဟု သေမှုသေခင်းဖွင့်ပြီး သတင်းအမှောင်ချခဲ့ကြောင်း၊ တပ်သားနောင်နောင်ဖြိုးကို သဂြိုလ်ရာတွင်လည်း ကျန်ရစ်သူ မိသားစုကို အသိမပေးဘဲ စစ်တပ်က ခိုးကြောင်ခိုးဝှက် မီးရှို့သဂြိလ်လိုက်ကြောင်း သိရှိရသည်။

“တရားမျှတမှုမရှိဘဲ မင်းမဲ့စရိုက်ဆန်ဆန် စစ်သည်အချင်းချင်းကို ရိုက်သတ်တာပါ။ ဒီဇင်ဘာလ ၄ရက်နေ့ နေ့လယ်ပိုင်းမှာ ပြန်ဖမ်းမိပြီး တပ်ထဲရောက်တော့အကုန်ဝိုင်းရိုက်ကြတာ။ ဒီဇင်ဘာလ ၄ ရက်နေ့ ၆ နာရီကျော်မှာ တပ်သားနောင်နောင်ဖြိုး သေ ဆုံးပါတယ်။ သေလည်းသေရော တပ်သားနောင်နောင်ဖြိုးက မူးယစ်ဆေးသုံးလို့ သေတယ်လို့ စစ်တပ်က ပြောတယ်။ တပ် သားနောင်နောင်ဖြိုးက လစာမရတာကြာပြီဆိုတော့ ဘယ်ကပိုက်ဆံရှိမှာလဲ။ စစ်သားတွေ ၀ိုင်းရိုက်လို့ သေမှ မူးယစ်ဆေးသုံးလို့ သေတယ်လုပ်တာ။ ကျန်ရစ်သူ မိသားစုကိုတောင်အသိမပေးဘဲ သဂြိုလိုက်တယ်။ နာရေးတောင်တပ်က မိသားစုကို အသိမပေးဘူး” ဟု တပ်သားနောင်နောင်ဖြိုး၏ ကျန်ရစ်သူ မိသားစုက ပြောသည်။

တပ်သားနောင်နောင်ဖြိုးမှာ အိမ်ထောင်သည်ဖြစ်ပြီး ဇနီးနှင့် ကလေးငယ် ၁ ဦး ကျန်ရစ်ကြောင်း၊ တပ်သားနောင်နောင်ဖြိုးကို အဆရ ၁၀ မှ တပ်ကြပ်ကြီး ဇော်ဇော် အပါအဝင် စစ်သား ၁၈ ဦးက ၀ိုင်းဝန်းရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်သားနောင်နောင်ဖြိုး သေဆုံးမှုကို အဆရ ၁၀ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သန်းထိုက်စိုးက သတင်းကို ဖုံးကွယ်ထားကြောင်း သိရှိရသည်။

“တပ်ရင်းမှူးကတော့ တပ်သားနောင်နောင်ဖြိုး သေဆုံးမှုကို သတင်းဖုံးပြီး နှုတ်ပိတ်ထားပါတယ်။ အဲဒီအမှုဖြစ်တဲ့ အချိန်မှာ တပ်ရင်းမှူးက တပ်မှာ မရှိဘူး။ သူပြန်လာတော့မှ အဲဒါတွေဖြစ်မှန်းသိတော့ အစည်းအဝေး ခေါ်တယ်။ အဲဒီလိုပဲ တပ်ထဲမှာ တပ်ပြေးမှုနဲ့ အရိုက်ခံရတဲ့ ခြေလျင်တပ်က စစ်သည်တစ်ဦးကိုလည်း အခြေအနေမကောင်းတော့မှ ပြာပြာသလဲဆေးရုံသွားပို့ကြတယ်” ဟု တပ်သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *