အမ်းရှိ စစ်သားများနှင့် တပ်မိသားစုများ ပိတ်မိနေသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဝင်းအတွင်းသို့ စစ်ကောင်စီက လေယာဉ်များဖြင့် ဗုံးများဆက်တိုက် ကျဲချနေသဖြင့် လက်အောက်ငယ်သားများ၏ အသက်ကို အလေးမထားတော့ဟုဆို
ရခိုင်ပြည်၊အမ်းမြို့နယ်ရှိ စစ်သားများနှင့် တပ်မိသားစုများ ပိတ်မိနေသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို စစ်ကောင်စီက လေယာဉ်များဖြင့် ဗုံးကျဲချနေကြောင်း AA သတင်းရင်းမြစ်နှင့် တပ်သတင်းရင်းမြစ်တချို့က ပြောဆိုသည်။
ယနေ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များက စစ်လေယာဉ်များဖြင့် ဗုံးများ အဆက် မပြတ် ကျဲချခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားများ ပိတ်မိနေသော နပခဌာန ချုပ်ဝင်းအတွင်းအထိပါ စစ်လေယာဉ်များဖြင့် ဗုံးကျဲခြင်းဖြစ်ကြောင်း AA သတင်းရင်းမြစ်က ပြောသည်။
“နပခတိုင်းစစ်ဌာနချုပ် ဝင်းထဲကိုပါ ဗုံးတွေ လေယာဉ်တွေနဲ့ ကျဲတယ်။ ရော့ကတ်တွေနဲ့ပါ ပစ်တာ။ ပစ်တဲ့နေရာတွေက သူ့လူတွေနဲ့ ဘန်ကာတွေ ရှိတဲ့နေ ရာတွေအထိပါ ကျဲနေတာ ပစ်နေတာလို့ သိရတယ်” ဟု AA သတင်းရင်းမြစ်က ဆိုသည်။
တပ်သတင်းရင်းမြစ်တစ်ခုကလည်း နပခဝင်းအတွင်းသို့ ဝင်ရောက်လာသော AA တပ်များကို ခုခံရန်အတွက် လေကြောင်းပစ်ကူ အဓိက ထားအသုံးပြုရန် စစ်ကောင်စီထိပ်ပိုင်းက ညွှန်ကြားနေပြီး အဓိကအားဖြင့် နပခ မကျစေရေးအတွက် လေကြောင်းပစ်ကူကို အမြဲမပြတ် ပေးရန် ညွှန်ကြားချက်ရှိကြောင်း ပြောဆိုသည်။
“နပခဝင်းထဲ ဝင်ပြီး ရှေ့တိုးလာရင် လေကြောင်းပစ်ကူနဲ့ ရှင်းလင်းဖို့ အမြဲမပြတ် လေကြောင်းကနေ ကင်းထောက် ပစ်ကူပေးဖို့ ညွှန်ကြားထားတာရှိပါတယ်” ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပိတ်မိနေသော တပ်ရေးဗိုလ်ကြီး၏ ဇနီးဖြစ်သူကမူ ၎င်း၏ အမျိုးသားနှင့် ယနေ့ အချိန်အထိ အဆက် အသွယ်မရတော့ကြောင်း၊ ရခိုင်နှင့် ပြည်တွင်းသတင်းဌာနများ၏ သတင်းများတွင် နပခဝင်းအတွင်းသို့ စစ်လေယာဉ်များဖြင့် ဗုံးများကျဲချနေသည်ဟု ဖတ်ရှုရသဖြင့် စိုးရိမ်ကြောင်း၊ သက်ဆိုင်ရာ နေပြည်တော်၊ စစ်ရုံးသို့ ဆက်သွယ်၍ ခင်ပွန်းဖြစ်သူ၏ အခြေအနေကို မေးမြန်းသော်လည်း မည်သည့်တုံ့ပြန်မှုမှ မရှိဘဲ သက်ဆိုင်ရာ စစ်တပ် တပ်ရင်းကလည်း တာဝန်ယူမှု၊ တာဝန်ခံမှု မရှိကြောင်း၊ စိတ်ပူနေသော တပ်မိသားစုများ၏ မေးမြန်းစုံစမ်းမှုကို မည်သည့် တပ်အရာရှိကမှ ဂရုတစိုက် ဖြေကြားခြင်းမရှိကြောင်း၊လက်အောက်ငယ်သားများ၏ အသက်များကို စစ်ခေါင်းဆောင်များက တန်ဖိုးမထားတော့၍ ထိုသို့ လေယာဉ်ဖြင့် ဗုံးများကျဲချနေခြင်းဖြစ်ကြောင်း ရှင်းလင်းပြောဆိုသည်။
အမ်းမြို့နယ်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လွှဲ၍ တပ်ရင်းများ၊ ဌာနဆိုင် ရာရုံးများနှင့် အမ်းလေဆိပ်တို့ကို အပြီးသတ်သိမ်းပိုက်ထားပြီဖြစ်ကြောင်း အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၇ ရက်နေ့တွင် ထုတ်ပြန်သည်။
ဓာတ်ပုံ- ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ အမ်းမြို့တွင် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်း တက်ရောက်သော နပခတိုင်းစစ်ဌာနချုပ်မှ အစည်းအဝေး တစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)
Leave a Reply