လေကြောင်းတိုက်ခိုက်မှု၊ ဝေဟင်ထောက်ပံ့မှု စစ်ကောင်စီ အားပြုခုခံနေ
ကချင်ပြည်နယ် ဗန်းမော်မြို့ သိမ်းပိုက်နိုင်ရေး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်တပ်များက ထိုးစစ်ဆင်လျက်ရှိရာတိုက်ပွဲ ၆ရက်မြောက်နေ့ဖြစ်သည့် ယနေ့
(ဒီဇင်ဘာ ၉ရက်)တွင် စစ်ကောင်စီတပ်စွဲရာ နေရာအချို့ကို KIAက ထပ်မံ သိမ်းပိုက်နိုင်ခဲ့ဟု စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးသည်။
ဒီဇင်ဘာ ၄ရက်မှ စတင်ခဲ့သည့် ဗန်းမော်မြို့နှင့် မံစီမြို့နယ်မှလက်ကျန်စစ်စခန်းများသိမ်းပိုက်နိုင်ရေး KIA၏ ထိုးစစ်တွင် စစ်ကောင်စီ ကာကင်းစခန်းများ အပါအဝင် စစ်ကောင်စီ တပ်စွဲရာနေရာများစွာကို သိမ်းပိုက်ထားပြီး ရဲစခန်း၊ လေယာဉ်ကွင်း အနီးနှင့် စကခ-၂၁(အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်)နေရာအနီးအပါအဝင် ဗန်းမော်မြို့တွင်း တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်းစစ်ရေးရင်းမြစ်အချို့ကပြောသည်။
ဒီဇင်ဘာ ၉ ရက်တွင် ဗန်းမော် တက္ကသိုလ်နယ်မြေ ရန်သူတပ်စွဲနေရာကို သိမ်းပိုက်နိုင်သကဲ့သို့ ဗန်းမော်-မိုးမောက်ကြား ၆မိုင်နေရာတွင် ခဲယမ်းများ ဆက်လက်သိမ်းဆည်းနိုင်ခဲ့ဟု စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။
“ဗန်းမော်မြို့တွင်းဆက်ရှင်းနေ။ မံစီတပ်၃ခုအားပိတ်ဆို့ထိန်းချုပ်ထား။ရန်သူမှ ၀ေဟင်ထောက်ပံ့မှုလေကြောင်း တိုက်ခိုက်မှုအားပြုနေဆဲ။” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။
ဗန်းမော်တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိနေကြောင်း ကချင်စစ်ရေးလေ့လာသူ ဦးဇော်ဆန်က ဒေသခံများကို ကိုးကား၍ ပြောကြားသည်။
“စကစ က တရုတ်ထုတ် ဒရုန်းလက်နက်အပြင် လေကြောင်းဖြင့် ခုခံကာကွယ်နေဆဲ” ဟု ၎င်းက ပြောသည်။
လက်ရှိ စစ်ရေးအခြေအနေများအရ KIAက ဗန်းမော်ကို သိမ်းပိုက်နိုင်မည့်အလားအလာရှိသည်ဟုလည်း ဦးဇော်ဆန်က ပြောသည်။
“KIA ဘက်ကတော့ ဗန်းမော် ၊ ဝိုင်းမော်နဲ့ မြစ်ကြီးနား၊ဖားကန့် ဒီ ၄ နေရာကို မရရအောင် တိုက်ယူလာမယ်လို့ ခန့်မှန်းပါတယ်။ စကစရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ရမ်းသန်း ပစ်ခတ်မှုတွေကို ပြည်သူများ အထူးသတိ ရှိကြဖို့ လိုပါတယ်” ဟုဦးဇော်ဆန်က ပြောသည်။
ဗန်းမော်မြို့ တိုက်ပွဲအတွင်း လက်နက်ကြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ သေဆုံးထိခိုက်မှုများ ရှိခဲ့ပြီး ဒေသခံပြည်သူသောင်းနှင့်ချီ၍ စစ်ဘေးရှောင်နေကြရသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဒီဇင်ဘာ ၉ ရက်ညတွင် စစ်ကောင်စီက ဗန်းမော်မြို့ကို ဖျက်အားပြင်းဗုံးများကြဲနေကြောင်းဒေသခံအချို့က ပြောသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်းထန်ချိန် တရုတ်အစိုးရကလည်း KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို တရုတ်နိုင်ငံသို့ ဖိတ်ခေါ်၍ ဒီဇင်ဘာ ၈ရက်တွင် KIO ဥက္ကဋ္ဌ တရုတ်နိုင်ငံသို့ ထွက်ခွာသွားသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။
KIA ဦးဆောင်သော မဟာမိတ်တပ်များက စစ်တပ်အာဏာသိမ်းပြီးနောက် ကချင် ပြည်နယ်တွင် အနည်းဆုံးမြို့ပေါင်း ၁၄ မြို့ကို သိမ်းပိုက်ထားသည်။
Leave a Reply